ပြင်သစ်နိုင်ငံသားတစ်ဦးသည် အတ္တလန္တိတ်သမုဒ္ဒရာကို အကြီးစား စည်ပိုင်းပုံ တည်ဆောက်ထားသည့်ယာဉ်ဖြင့် တစ်ကိုယ်တော် ဖြတ်သန်းရန် ခရီးစတင်ပြီဖြစ်ကြောင်း သိရသည်။ ထိုယာဉ်သည် စက်မပါဘဲ သမုဒ္ဒရာ ရေစီးကြောင်းဖြင့်သာ မျောပါခရီးနှင်မည်ဖြစ်ကြောင်းလည်း သိရသည်။
အသက် ၇၁ နှစ်အရွယ် ယွန်း ယတ် ဆာဗင် သည် စပိန်ပိုင် ကိန္နရီကျွန်းမှ စတင်ထွက်ခွာခဲ့ပြီး ကာရစ်ဘီယန် ပင်လယ်ပြင်သို့ သုံးလာဝန်းကျင်ဖြင့် ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။
သစ်သားစည်ပိုင်းပုံ ယာဉ်ထဲတွင် အိပ်ရာ၊ မီးဖိုချောင်နှင့် ပစ္စည်းသိုလှောင်ခန်းသာ ပါဝင်သည်။ အဏ္ဏဝါဗေဒပညာရှင်များ အတ္တလန္တိတ်သမုဒ္ဒရာ ရေစီးကြောင်းကို လေ့လာနိုင်စေရန် လမ်းတစ်လျှောက်တွင် အမှတ်အသားပြ ကိရိယာလေးများ ရေထဲချပေးသွားရန်ရှိကြောင်းလည်း သိရသည်။
“မိုးလေဝသက ကိုယ့်ဖက်ပါတယ်။ လှိုင်းက သုံးပေလောက်ပဲရှိတယ်။ ရေစီးနဲ့ တစ်နာရီ ၂ ကီလိုမီတာ၊ ၃ ကီလိုမီတာလောက် မျောပါနေတယ်” ဟု မစ္စတာ ဆာဗင်က ပြောသည်။
မစ္စတာ ဆာဗင်သည် ပြင်သစ် လေထီးတပ်သားဟောင်းဖြစ်သလို၊ လေယာဉ်မှူးလည်း လုပ်ခဲ့ဖူးသူ ဖြစ်သည်။ သမုဒ္ဒရာရေစီးတစ်ခုတည်းနှင့်ပင် ကာရစ်ဘီယန်ပင်လယ်ပြင်သို့ မိုင် ၂၈၀ဝ ခရီးကို ရောက်ရှိသွားနိုင်မည်ဟု မစ္စတာ ဆာဗင်က တွက်ထားသည်။
စည်ပိုင်းသည် ၃ မီတာရှယ်၊ ၂ ဒသမ ၁ မီတာကျယ်ကာ၊ ၆ စတုရန်းမီတာ ကျယ်ဝန်းသည်။ ကြမ်းပြင်တွင် မှန်တပ်ထားသော ချောင်းကြည့်ပေါက်ရှိပြီး မစ္စတာ ဆာဗင်သည် ရေထဲက ငါးများကို ကြည့်နိုင်မည်ဖြစ်သည်။
သမုဒ္ဒရာခရီးတွင် နှစ်သစ်ကူးည တစ်ကိုယ်တော်ဆင်နွှဲရန် ဝိုင်ပုလင်းများနှင့် ဇန်နဝါရီ ၁၄ တွင် ကျရောက်မည့် ၇၂ နှစ်ပြည့် မွေးနေ့အတွက်လည်း ဝိုင်ပုလင်းများ ထည့်သယ်သွားကြောင်း သိရသည်။

















