အင်ဒိုနီးရှားနိုင်ငံရှိ အနာ့ခ် ကရာကာတိုမီးတောင်မှ မီးခိုးနှင့် ပြာမှုန်များမှုတ်ထုတ်မှု အရှိန်မြင့်သထက် မြင့်လာမှုကြောင့် အန္တရာယ်သတိပေးချက်ကို ဒုတိယအဆင့်ထိအမြင့်ဆုံး မြှင့်ထားပြီးမီးတောင်ဝန်းကျင်မှ ဖြတ်သန်းမည့် လေယာဉ်လမ်းကြောင်းများကိုလည်း ရွှေ့ထားကြောင်းသိရသည်။
မီးတောင်ဝန်းကျင် ၅ ကီလိုမီတာကိုလည်း အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားသည်။ မီးတောင်လှုပ်ရှားမှု ပိုပြင်းထန်လာသဖြင့် အန္တရာယ်သတိပေးချက်ကိုအဆင့် ၂ မှ အဆင့် ၃ သို့ မြှင့်ထားကြောင်း အင်ဒိုနီးရှားသဘာဝဘေးစီမံခန့်ခွဲရေးဌာန (ဘီအင်န်ပီဘီ) က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၂၂ က မီးတောင်လှုပ်ရှားမှုကြောင့် ဆူနာမီလှိုင်းများ ဖြစ်ပွားကာဆူမားတြားနှင့် ဂျာဗားကျွန်း ကမ်းရိုးတန်းမြို့များမှ လူ၄၃၀ ကျော် သေဆုံးကာ ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ဆူနာမီကြောင့် လူပေါင်း ၁၆၀ဝ၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ကြရသည်။
ဂျာဗားနှင့် ဆူမားတြားအကြားရှိဆန်ဒါ ရေလက်ကြားတွင် တည်ရှိသော ကရာကာတိုမီးတောင်သည် ပြာမှုန့်များပိုမှုတ်ထုတ်လာသဖြင့် လေယာဉ်လမ်းကြောင်းများကို ဘေးကင်းရာသို့ ရွှေ့ထားကြောင်း အင်ဒိုနီးရှားလေကြောင်းထိန်းဌာနက ထုတ်ပြန်အသိပေးထားသည်။
မီးတောင်သည် ယခုနှစ် ဇူလိုင်ကတည်းကလှုပ်ရှားလာခြင်းဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်ကစတင်ကာ အလှုပ်အရှားစိပ်လာ ပြင်းထန်လာခြင်း ဖြစ်သည်။

















