ဗီယက်နမ်နိုင်ငံ၏ လုပ်အားခကုန်ကျစရိတ်နှုန်းထားများမှာ အာဆီယံဖောက်သည် နိုင်ငံများအကြားတွင် ဈေးအကြီးဆုံးဖြစ်နေကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာက ဆိုသည်။ အသေးစားနှင့်အလတ်စားဆိုင်ရာလုပ်ငန်းကုမ္ပဏီများ၏ ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်ရေး ဆိုင်ရာ အဆိုပါအစီရင်ခံစာကဖော်ပြရာတွင် ဗီယက်နမ်လုပ်အားခကုန်ကျစရိတ်တန်ဖိုး မှာ အခြားအရှေ့တောင်အာရှနိုင်ငံများထက် စရိတ်ပိုကြီးနေကြောင်း ဆိုသည်။
ဗီယက်နမ်မှ အလယ်အလတ်အဆင့်စက်ရုံတစ်ရုံ၌ အလုပ်သမားတစ်ယောက်အတွက် ပျမ်းမျှ ၂၇၃၉ ဒေါ်လာကုန်ကျရာ အခြားဒေသတွင်းနိုင်ငံများဖြစ်သော လာအို၊ မြန်မာ၊ မလေးရှားတို့ထက် နှစ်ဆခန့်ကုန်ကျနေပြီး ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်တို့ထက် ရာခိုင်နှုန်း ၃၀ မှ ၄၄ ရာခိုင်နှုန်းအထိ ပိုမိုများပြားနေကြောင်း သိရသည်။
သို့သော် ဗီယက်နမ်လုပ်သားတစ်ဦး သည် တစ်နှစ်ပျမ်းမျှတန်ဖိုးမြင့်ထုတ်ကုန် ဒေါ်လာ ၁၀ç၅၀ဝ ဖိုးခန့်ထုတ်လုပ်နိုင်ကြောင်း၊ အခြားအာဆီယံနိုင်ငံအများစုထက်မြင့်မားကြောင်း၊ မလေးရှားတွင် ဒေါ်လာ ၁၀,ဝ၀ဝ ခန့်၊ ကမ္ဘောဒီးယား၌ ဒေါ်လာ ၅,ဝ၀ဝ ဖိုးခန့်သာထုတ်လုပ်နိုင်ကြောင်း ဆိုသည်။ ဗီယက် နမ်၏ မြောက်အလယ်ပိုင်းနှင့် ဗဟိုကမ်းခြေဒေသများမှ ဗီယက်နမ်လုပ်သားများသည် ပိုမိုထုတ်လုပ်နိုင်စွမ်းရှိကာ တစ်နှစ်ပျမ်းမျှတန်ဖိုးမြင့်ထုတ်ကုန် ဒေါ်လာ ၁၆,ဝ၀ဝ ဖိုးခန့် အထိထုတ်လုပ်နိုင်ခြင်းဖြစ်ကြောင်း ဆိုသည်။
















