ဓနုဖြူမြို့နယ်ရှိ ဥမ္မာဒန္တီအပန်းဖြေကမ်းခြေ ဒီဇင်ဘာရုံးပိတ်ရက် ခရီးသွားထောင်ချီ လည်ပတ်

ဓနုဖြူမြို့နယ်ရှိ ဥမ္မာဒန္တီအပန်းဖြေကမ်းခြေ ဒီဇင်ဘာရုံးပိတ်ရက် ခရီးသွားထောင်ချီ လည်ပတ်

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်ရှိ ဥမ္မာဒန္တီအပန်းဖြေကမ်းခြေသို့ ဒီဇင်ဘာကျောင်းနှင့် ရုံးပိတ်ရက်အတွင်း အပန်းဖြေ သူများ ထောင်နှင့်ချီ၍ လာရောက်လည်ပတ် လျက်ရှိကြောင်း ဓနုဖြူမြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

ညအိပ်လာရောက်

"လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေ ကတော့ အစုံပါပဲ။ ရန်ကုန်နဲ့ ဧရာဝတီတိုင်း အတွင်းက လာတာအများဆုံးပါ။ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေ ဖြစ်လို့လည်း လာရောက် ကြတာပါ။ ပုံမှန်ထက်တော့ တော်တော်များပါ တယ်။ နေ့စဉ် ထောင်ချီလောက် ရောက်တယ် လို့ ပြောနိုင်ပါတယ်။ ညအိပ်လာရောက်လည် ပတ်တဲ့ ဧည့်သည်တွေလည်းရှိသလို နေ့ချင်း ပြန်သူတွေလည်း ရှိပါတယ်" ဟု ဦးစန်းထွေးက ပြောဆိုသည်။

အဆိုပါကမ်းခြေသို့ ဒီဇင်ဘာ ၂၅ ရက်မှ ၂၇ ရက်အတွင်း ရန်ကုန်၊ ပုသိမ်၊ မော်ကျွန်း၊ မြောင်းမြ၊ မအူပင်၊ ညောင်တုန်း၊ ဓနုဖြူ၊ ပန်းတနော်၊ ကျိုက်လတ်၊ ဝါးခယ်မ၊ ကျုံပျော် စသည့် ဒေသများမှ ပြည်သူများထောင်နှင့် ချီလာရောက်၍ အပန်းဖြေခဲ့ကြကြောင်း ၎င်းထံမှ သိရသည်။

စတင်ဖွင့်လှစ်

အဆိုပါကမ်းခြေသည် ဧရာဝတီသူ မွန် မင်းသမီး ဥမ္မာဒန္တီ တည်ထားခဲ့သည့် သမိုင်းဝင် ကျိုက္ကလွန်စေတီအနီးတွင်တည်ရှိသဖြင့် ဒေသ အစွဲပြုကာ ဥမ္မာဒန္တီကမ်းခြေဟု အမည်တွင်ခဲ့ ခြင်းဖြစ်ပြီး ကမ်းခြေကို ၂၀၁၁ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ကမ်းခြေ၌ စားသောက်ဆိုင်များဖွင့်လှစ်ကာ ဒေသထွက် အစားအစာ၊ လက်ဆောင်ပစ္စည်းအမျိုးအမျိုး၊ လူသုံးကုန်ပစ္စည်း၊ အဝတ်အထည်အမျိုးမျိုးကို ဆိုင်ခန်းများဖွင့်လှစ် ရောင်းချပေးလျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး