သတင်းသမားခါရှောဂီအသတ်ခံရမှုအရေး ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးရာထူးအချခံရ

သတင်းသမားခါရှောဂီအသတ်ခံရမှုအရေး ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးရာထူးအချခံရ

တူရကီရှိ ဆော်ဒီကောင်စစ်ဝန်ရုံးတွင် သတ်ဖြတ်ခံခဲ့ရသည့် ဆော်ဒီသတင်းသမား ခါရှောဂီအရေးနှင့်ပတ်သက်၍ ဆော်ဒီအာရေဗျဘုရင် ဆာလ်မန်က အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲမှု ပြုလုပ်ခဲ့ရာ ဒီဇင်ဘာ ၂၇ ရက်က နိုင်ငံခြားရေးဝန်ကြီး အဒဲလ်အာလ်ဂျူဘီယာကို ရာထူးအဆင့်လျှော့ချလိုက်ကြောင်း သိရသည်။

ဘဏ္ဍာရေးဝန်ကြီးဟောင်း အီဘရာဟမ်အာလ်ဆာဆက်ဖ်က နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပြီး ဂျူဘီယာသည် နိုင်ငံခြားရေးရာဌာနအတွင်းဝန်အဖြစ်သာ တာဝန်ထမ်းဆောင်ရတော့မည်ဖြစ်သည်။

လွန်ခဲ့သည့် အောက်တိုဘာ ၂ ရက်က အစ္စတန်ဘူလ်ရှိ ဆော်ဒီ ကောင်စစ်ဝန်ရုံးအတွင်း ဂျမားလ်ခါရှောဂီအသတ်ခံခဲ့ရခြင်းသည် အစ္စလာမ္မစ် ရှေးရိုးစွဲ အစွန်းရောက်များကြီးစိုးသည့် ဆော်ဒီ၏ အတွင်းသရုပ်ကို မီးမောင်းထိုးပြရာရောက်ခဲ့သည်။

ခါရှောဂီသည် ဆော်ဒီအထက်လွွှာနှင့်ပတ်သက်ခဲ့ဖူးပြီး ဆော်ဒီဘုရင့်အသိုင်းအဝိုင်းကိုဝေဖန်ပြစ်တင်ခဲ့သူဖြစ်သည်။ ဆော်ဒီမှထွက်ခွာခဲ့ပြီး ဝါရှင်တန်ပို့စ်တွင် ၄င်းရေးသားခဲ့သည့် ဆောင်းပါးများက ဆော်ဒီတွင် အာဏာကြီးမားလာသည့် အိမ်ရှေ့စံ မိုဟာမက်ဘင်ဆာလာမန်ကို အဓိကပြစ်တင်ခဲ့ခြင်းဖြစ်သည်။

ခါရှောဂီပျောက်ဆုံးခဲ့ပြီးနောက် ယင်းဖြစ်စဉ်တွင် အိမ်ရှေ့စံပတ်သက်မှုမရှိကြောင်း ဆော်ဒီက ငြင်းဆန်ခဲ့သည်။ ယင်းနောက်တွင် ဆော်ဒီအစိုးရရှေ့နေများက ခါရှောဂီသည် ကြိုတင်စီမံထားသည့် လုပ်ကြံမှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ဆော်ဒီအေးဂျင့်ဆိုးများက သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

နိုင်ငံတကာက ဆော်ဒီအာဏာပိုင်တို့ကို ဝိုင်းဝန်းပြစ်တင်ခဲ့ကြရာ မစ္စတာဂျူဘီယာက အနောက်တိုင်း မီဒီယာများသည် ခါရှောဂီအရေးနှင့်ပတ်သက်လျင် စိတ်ကစဉ့်ကလျားပင် ဖြစ်နေပြီဟု ဝေဖန်ခဲ့သူဖြစ်သည်။

ထို့အပြင် ၄င်းသည် ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီးဖြစ်၍ ဆော်ဒီကောင်စစ်ဝန်ရုံးတစ်ခုခုအတွင်း ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်အတွက် တာဝန်ယူကြောင်းဆုံးဖြတ်ကာ ရာထူးလျှော့ချခံရခြင်းဖြစ်ကြောင်းလည်း သိရသည်။

နိုင်ငံရေးခြားရေးဝန်ကြီးအသစ် အီဘရာဟင် အာလ်အာဆက်ဖ်မှာ နိုင်ငံတကာသံတမန်လောကအတွေ့အကြုံ အားနည်းသူတစ်ဦးဖြစ်သည်။

သို့သော် ၄င်းသည် ဆော်ဒီဘုရင်ဖာ့ဒ်နှင့် အက်ဘ်ဒူလာတို့လက်ထက်တွင် ဘဏ္ဍာရေးဝန်ကြီး တာဝန်ယူခဲ့သူဖြစ်ပြီး ဒါဗို့စ်တွင်ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဆော်ဒီကိုယ်စားလှယ်မျာကို ဦးဆောင်ခဲ့သူအဖြစ် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအကြား လူသိများသည်။ ၄င်းသည် ဆော်ဒီရေနံကုမ္ပဏီကြီး ဆော်ဒီအာရမ်ကို၏ ဘုတ်အဖွဲ့တွင်လည်း ပါဝင်သည်။