အမေရိကန်၌ အသက်အကြီးဆုံးပုဂ္ဂိုလ်ကွယ်လွန်

အမေရိကန်၌ အသက်အကြီးဆုံးပုဂ္ဂိုလ်ကွယ်လွန်

လက်ရှိ အသက် ၁၁၂ နှစ်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်သည့် ဒုတိယကမ္ဘာစစ်ပြန် ရစ်ချတ်အိုဗာတန်သည် တက္ကဆက်ပြည်နယ်တွင် ဒီဇင်ဘာ ၂၇ ရက်က ကွယ်လွန်ခဲ့ပြီဖြစ်သည်။

အိုဗာတန်ကို အဆုတ်ရောင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသနေခဲ့ရရာမှ ခရစ္စမတ်အကြို ဒီဇင်ဘာ ၂၄ ရက်၌ ဆေးရုံကလက်လွှတ်လိုက်ကြောင်း ၄င်း၏ဇနီး ရှီယာလေအိုဗာတန်ကပြောဆိုခဲ့သည်။

၁၉၄၁ ခုနှစ်တွင် ပုလဲဆိပ်ကမ်းကို ဂျပန်တို့ အလစ်အငိုက်တိုက်ခိုက်ခံခဲ့ရပြီးနောက် အသက် ၃၀ အရွယ် ရစ်ချတ်အိုဗာတန်သည် အမေရိကန်ကြည်းတပ်သို့ဝင်ရောက်ခဲ့သူဖြစ်သည်။

၄င်းသည် အမှတ် ၁၈၈ လေကြောင်း အင်ဂျင်နီယာတပ်ရင်းနှင့် လူမည်းများဖြင့်ဖွဲ့စည်းသည့်တပ်ရင်းများသို့ ရောက်ရှိခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းများစွာတွင် အမှုထမ်းခဲ့သည်။

၂၀၁၃ ခုနှစ်၌ စစ်ပြန်များနေ့အခမ်းအနားတွင် ထိုစဉ်က အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အိုဘာတန် စစ်မှုထမ်းခဲ့ပုံကို အမည်နှင့်တကွ ထည့်သွင်းချီးကျူးခဲ့ဖူးသည်။ တက္ကဆက်ပြည်နယ်၊ အော်စတင်တွင် ကာလကြာရှည် နေထိုင်ခဲ့သူလည်းဖြစ်၍ ၄င်းနေထိုင်သည့်လမ်းကို ရစ်ချတ်အိုဗာတန်  ရိပ်သာလမ်းဟုပင် နာမည်ပေးထားသည်။

အိုဗာတန်က ၂၀၁၃ နှစ်၌ စီအင်န်အင်န်နှင့်တွေ့ဆုံရာတွင် ၄င်း၏အသက်ရှင်မှုအတွက် ဘုရားသခင်ကို ချီးမွမ်းပြီး ၄င်းသည် မည်သည့််ဆေးဝါးမျှ မသောက်သုံးခဲ့ကြောင်း ပြောဆိုခဲ့သည်။

ထို့အပြင် ကော်ဖီထဲ ဝီစကီထည့်သောက်လေ့ ရှိကြောင်းနှင့် ရံဖန်ရံခါ ဝီစကီချည်းသာ သောက်သုံးလေ့ရှိကြောင်း၊ ဆေးပြင်းလိပ်လည်းသောက်လေ့ရှိသော်လည်း မီးခိုးငွေ့ကို ရှိုက်မသွင်းဘဲ မှုတ်ထုတ်လေ့သာရှိကြောင်း ပြောဆိုခဲ့သည်။ အသက်ကြီးရင့်လာသည့်တိုင် အိုဗာတန်သည် လမ်းလျှောက်ခြင်း၊ ကားမောင်းခြင်းတို့ကို ပြုမူလေ့ရှိပြီး စွပ်ပြုတ်၊ ပြောင်းဖူး၊ ငါးနှင့် နို့များကို နှစ်သက်စွာစားသောက်လေ့ရှိကာ ညစဉ် ရေခဲမုန့်စားလေ့ရှိသည်။

တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက် အဘော့တ်က အိုဗာတန်သည် အမေရိကန်သင်္ကေတနှင့် တက္ကဆက် သူရဲကောင်းတစ်ဦးဖြစ်ကြောင်း ချီးမွမ်းခဲ့သည်။ ပြီးခဲ့သည့်နှစ်များအတွင်း ၄င်း၏မွေးနေ့အထိမ်းအမှတ်များသည် အမျိုးသားရေးဆွဲဆောင်မှုတစ်ရပ် ဖြစ်လာပြီး ဧည့်သည်များသည် ၄င်းနှင့်တွေ့ဆုံနှုတ်ဆက်ရန် လာရောက်လေ့ရှိကြသည်။