ဂျာမနီစစ်တပ်အတွင်း ကျွမ်းကျင်ပညာရှင်ဝန်ထမ်း ပြတ်လပ်မှုကို ဖြည့်ဆည်းနိုင်ရန်အတွက် ဥရောပသမဂ္ဂ နိုင်ငံသားများကိုပါ ခန့်ထားနိုင်ရန် ချိန်ဆလျက်ရှိကြောင်း ဂျာမနီစစ်ဘက်အကြီးအကဲက ပြောကြားလိုက်သည်။
ဗိုလ်ချုပ် ဘာဟတ် ဇန် က တပ်တွင်း၌ အိုင်တီ၊ ဆေးဘက်ဆိုင်ရာစသည့် ကျွမ်းကျင်ပညာရှင်ကဏ္ဍများ၌ လူလိုအပ်နေမှုကို ဖြည့်ဆည်းနိုင်ရန်အတွက် ဂျာမနီ နိုင်ငံသားများသာမက ဥရောပနိုင်ငံသားများထဲက သင့်တော်သူများကိုပါ ရွေးချယ်ခန့်ထားနိုင်ရန် စဉ်းစားနေကြောင်းပြောသည်။
ဂျာမနီစစ်တပ်သည် ပြီးခဲ့သည့် နှစ်များစွာအတွင်းဘတ်ဂျက်နည်းပါးမှုကြောင့် လူသားရင်းမြစ်မြှင့်တင်ရန် အခက်ကြုံခဲ့ရသည်။ ၂၀၂၅ ခုနှစ်တွင် တပ်အင်အားကိုလက်ရှိထက် ၂၁၀ဝ၀ ဦးပိုတိုးချဲ့ရန် စီစဉ်ထားကြောင်းလည်းသိရသည်။
ကာကွယ်ရေးဘတ်ဂျက်ကိုလည်းလက်ရှိတွင် ဂျီဒီပီ၏ ၁ ဒသမ ၂ ရာခိုင်နှုန်းသုံးစွဲနေရာမှ ၂၀၂၄ ခုနှစ်ရောက်သည့်အခါ ၁ ဒသမ ၅ ရာခိုင်နှုန်းထိသုံးစွဲရန် လျာထားကြောင်းသိရသည်။
ဂျာမနီသည် နေတိုးအဖွဲ့ ပန်းတိုင်မှတ်ဖြစ်သောကာကွယ်ရေးအသုံးစရိတ် ဂျီဒီပီ ၂ ရာခိုင်နှုန်းကိုမပြည့်မီကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း ပြစ်တင်ခဲ့ဖူးသည်။
ဂျာမနီကာကွယ်ရေးဝန်ကြီးမာဆူလာဗွန် ဒါလီယန်ကလည်းလက်ရှိတွင် တပ်ဖွဲ့ဝင် အင်အားသည် ၁၈၂၀ဝ၀ ရှိကြောင်းထုတ်ပြန်ထားသည်။
ထိုနှုန်းသည် လွန်ခဲ့သော နှစ်နှစ်ကထက် ဦးရေ ၆၅၀ဝ ပိုများလာခြင်းဖြစ်ကြောင်းတွေ့ရသည်။ လာမည့် ခုနစ်နှစ်အတွင်းတပ်အင်အား ၂၀၃၀ဝ၀ ဦးထိရှိလာအောင် ဆောင်ရွက်သွားမည်ဟုသိရသည်။
ဂျာမနီစစ်တပ်၏ ၁၂ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပြီး၊ ယခုနှစ်အတွင်းဝင်ခွင့်လျှောက်ထားသူသုံးယောက်တွင် တစ်ယောက်သည် အမျိုးသမီးများဖြစ်ကြောင်းလည်းသိရသည်။

















