တန်ဖိုးကြီး နာရီများ ဝတ်ဆင်သည့် ထိုင်း ဒုတိယဝန်ကြီးချုပ် ဝင်ငွေလိမ်လည်တင်ပြခြင်းမရှိဟု စစ်ဆေးရေးအဖွဲ့ ဆုံးဖြတ်

တန်ဖိုးကြီး နာရီများ ဝတ်ဆင်သည့် ထိုင်း ဒုတိယဝန်ကြီးချုပ် ဝင်ငွေလိမ်လည်တင်ပြခြင်းမရှိဟု စစ်ဆေးရေးအဖွဲ့ ဆုံးဖြတ်

အစိုးရ ဝန်ထမ်းလစာဖြင့် ဝယ်နိုင်စရာမရှိသည့် တန်ဖိုးကြီး နာရီ အများအပြား ဝတ်ဆင်မှုဖြင့် ပြီးခဲ့သည့်နှစ်က ဟိုးလေးတကျော်ကျော်ဖြစ်ကာ ဝင်ငွေထိန်ချန်တင်ပြခြင်း ရှိ မရှိ  အမှုဖွင့် စုံစမ်းစစ်ဆေးခံနေရသော ထိုင်း ဒုတိယဝန်ကြီးချုပ်သည် အပြစ်ကင်းရှင်းကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ဆုံးဖြတ်လိုက်သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက အစိုးရအဖွဲ့သစ် ကြေညာပွဲတွင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ပရာဝတ် ဝန်ဆူဝမ်သည် မျက်နှာကို နေထိုးသဖြင့် လက်နှင့်နေကာထားသည့် ဓာတ်ပုံ၌ သားနားသော တန်ဖိုးကြီးနာရီကို လူအများ စတင်သတိထားမိခဲ့ခြင်း ဖြစ်သည်။

၎င်း၏ ဝင်ငွေနှင့် ပိုင်ဆိုင်မှု ကြေညာချက်ထဲတွင် ထိုတန်ဖိုးကြီး ရစ်ချတ် မီးလ် နာရိကို ထည့်သွင်းဖော်ပြထားခြင်း မရှိသဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးခံရခြင်း ဖြစ်သည်။

ဗိုလ်ချုပ် ဝန်ဆူဝမ်ကမူ ထိုနာရီကို ကွယ်လွန်သူ မိတ်ဆွေတစ်ယောက်ထံက ငှားဝတ်ခဲ့ခြင်းဖြစ်ကြောင်း ဖြေရှင်းချက်ပေးထားသည်။ ဗိုလ်ချုပ် ဝန်ဆူဝမ်သည် အခြား တန်ဖိုးကြီးနာရီ အလုံး ၂၀ ခန့်လည်း ဝတ်ဆင်ခဲ့သည့် ဓာတ်ပုံသက်သေများရှိနေသဖြင့် အများပြည်သူ ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ထိုင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ကမူ ဗိုလ်ချုပ် ဝန်ဆူဝမ်၏ ဖြေရှင်းချက်သည် မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့က ဗိုလ်ချုပ် ဝန်ဆူဝမ်သည် ဝင်ငွေနှင့် ပိုင်ဆိုင်မှုများကို လှည့်ဖျားကြေညာခဲ့သည်ဟု စွပ်စွဲရန် သက်သေအချက်အလက် မလုံလောက်ကြောင်း အဆိုကို ထောက်ခံမဲ ၅ မဲ ကန့်ကွက်မဲ ၃ မဲဖြင့် အတည်ပြုကာ အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။