အမေရိကန်နှင့် မက္ကဆီကို နယ်စပ်တွင် တံတိုင်းသစ် ကာရံရေးအတွက် ဒေါ်လာ ငါးဘီလီယံ တောင်းခံထားမှုကို လွှတ်တော်က ချထားပေးခြင်း မရှိသည့်အတွက် အစိုးရယန္တရားလည်ပတ်မှုများ တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းနေမှုသည် လာမည့်သီတင်းပတ်များအထိ ဆက်လက်ကြာမြင့်ဖွယ်ရှိသည်။
လွှတ်တော်က ချထားပေးသည့် ဘတ်ဂျက်တွင် မက္ကဆိကိုနယ်စပ်တံတိုင်းအတွက် ဒေါ်လာ ငါးဘီလီယံ ထည့်သွင်းချထားပေးခြင်း မရှိသောကြောင့် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဘတ်ဂျက်ကို လက်မှတ်ထိုး အတည်မပြုသဖြင့် ဒီဇင်ဘာ ၂၂ က စတင်ကာ အစိုးရ ယန္တရားလည်ပတ်မှုများ တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
အစိုးရ ရပ်ဆိုင်းမှုသည် ၂၀၁၉ နှစ်ဆန်းပိုင်းထိ ကြာမြင့်သွားနိုင်ကြောင်း သိရသည်။
လွှတ်တော်နှင့် သမ္မတအကြား ဘတ်ဂျက် အငြင်းပွားမှုကြောင့် အစိုးရဝန်ထမ်း အများအပြားသည် လစာမဲ့ခွင့်ယူနေရသလို၊ အလုပ်ဆင်းနေရသူများသည်လည်း မည်သည့်အချိန်တွင် လုပ်ခလစာ ရမည်ကို မရေမရာ ဖြစ်နေကြောင်း သိရသည်။
တရားမဝင် ခိုလှုံသူများကို တားဆီးမည့် မက္ကဆီကိုနယ်စပ်တံတိုင်းအတွက် ဘတ်ဂျက်မရပါက အလျှော့ပေးမည်မဟုတ်ကြောင်း သမ္မတ ထရမ့်ကလည်း တင်းခံထားသည်။
တံတိုင်းဘတ်ဂျက်မရလျှင် အစိုးရတစ်ရပ်လုံးအတွက် ဘတ်ဂျက်ကိုပါ လက်မှတ်မထိုးဟု သမ္မတ ထရမ့်က အကျပ်ကိုင်ထားသည်။
အတိုက်အခံ ဒီမိုကရက်များနှင့် သမ္မတထရမ့်၏ ရီပတ်ဘလီကန်အမတ် အချို့ကပါ နယ်စပ်တံတိုင်း အစီအစဉ်ကို ဆန့်ကျင်လျက်ရှိပြီး တောင်းထားသော ဘတ်ဂျက် ဒေါ်လာ ၅ ဘီလီယံကို သမ္မတ ထရမ့် မရစေရန် တားဆီးသွားမည်ဟု ဆိုထားကြသည်။

















