ဆူနာမီကြောင့် ဂျာဗား ကြံ့များ မျိုးသုဉ်းမှာ စိုးရိမ်နေရ

ဆူနာမီကြောင့် ဂျာဗား ကြံ့များ မျိုးသုဉ်းမှာ စိုးရိမ်နေရ

နောက်တစ်ကြိမ် ဆူနာမီ ထပ်ဝင်ပါက ရှားပါးမျိုးသုဉ်းစာရင်းဝင် ဂျာဗားကြံ့များ လုံးဝ ပျောက်ကွယ်သေကြေသွားနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများက သတိပေးလိုက်သည်။

ဂျာဗားကြံ့များသည် တစ်ချိန်က အရှေ့တောင်အာရှတစ်ခွင်နှင့် အိန္ဒိယတို့တွင်အနှံ့အပြား ကျက်စားခဲ့သော်လည်း တရားမဝင် ဖမ်းဆီးခံရမှု၊ လူသားများ စိုက်ပျိုးမြေ  ချဲ့ထွင်မှုကြောင့် စားကျက်မြေပျောက်ဆုံးမှုများကြောင့် ကောင်ရေကျဆင်းလာခဲ့ကာ ယခုအခါ အင်ဒိုနီးရှားရှိ ဂျန်ကူလွန် အမျိုးသားသဘာဝဥယျာဉ်အတွင်း၌ ၆၇  ကောင်သာ နောက်ဆုံးကျန်ရှိတော့ကြောင်း သိရသည်။

ဂျန်ကူလွန် ဥယျာဉ်သည် ပြီးခဲ့သည့် သီတင်းပတ်က ဆူနာမီကြောင့် လူရာချီ သေဆုံးစေခဲ့သော အာနာ့ခ် ကရာကာတို မီးတောင်၏  အခြေတွင် တည်ရှိနေသည်။ မီးတောင်သည် ဆက်လက်လှုပ်ရှားလျက်ရှိပြီး တာဝန်ရှိသူများက ဥယျာဉ်အတွင်းရှိ ကြံ့များကို နေရာရွှေ့ပြောင်းပေးရန် စီစဉ်လျက်ရှိသည်။

ဒီဇင်ဘာ ၂၂ က မီးတောင်းလှုပ်ရှားကာ ဆူနာမီ ဖြစ်ပေါ်ပြီး လူ ၄၃၀ သေဆုံးခဲ့သည့်အနက် အမျိုးသားသဘာဝဥယျာဉ်ဝန်ထမ်း နှစ်ဦးလည်း ပါဝင်သလို၊ ဆူနာမီကြောင့် ဥယျာဉ်အဆောက်အအုံများ၊ လှေများ၊ သင်္ဘောများလည်း ပျက်စီးခဲ့ရသည်။

ဆူနာမီသည် ဥယျာဉ်တည်ရှိရာကျွန်း၏ မြောက်ပိုင်းခြမ်းကို ဝင်ရောက်ခဲ့ပြီး ဂျာဗားကြံ့များက တောင်ပိုင်းခြမ်းတွင် အဓိကကျက်စားသဖြင့် အသေအပျောက်မရှိခဲ့သော်လည်း နောက်တစ်ကြိမ် ဆူနာမီ ထပ်ဖြစ်ပါက အခြေအနေကို ခန့်မှန်းမရနိုင်ကြောင်း ဥယျာဉ်တာဝန်ရှိသူများက ပြောသည်။

ဂျာဗားကြံ့များသည်  ကမ္ဘာပေါ်တွင် မျိုးသုဉ်းနိုင်ခြေအရှိဆုံး ကြံ့မျိုးစိတ်ငါးခုတွင် ပါဝင်နေသည်။