၂ဝ၁၉ဘောလုံးရာသီတွင် ရခိုင်ယူနိုက်တက်အသင်း ပရိသတ်များ တိုးပွားလာစေရန် နှင့် အသင်း၌ ရှယ်ယာရှင်များတိုးပွားလာစေရန် ရည်ရွယ်၍ သရုပ်ဆောင် နေထက်လင်းက အသင်းဒုဥက္ကဌ တာဝန်ကိုရယူကာ ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ခံ
ရခိုင်ယူနိုက်တက်အသင်း ဥက္ကဋ္ဌအဖြစ် ဦးဇော်မင်းသိန်းက တာဝန်ယူလျက်ရှိပြီး ဒုဥက္ကဋ္ဌအဖြစ် သရုပ်ဆောင်နေထက်လင်းက လာမည့်ရာသီမှစ၍ တာဝန်များစတင်ထမ်းဆောင်တော့မည်ဖြစ်သည်။
“ ရခိုင်တိုင်းရင်းသား တစ်ယောက်အနေနဲ့ ကျွန်တော်တို့ ပြည်နယ်ကို ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဘောလုံးအသင်း ပရိသတ်တွေတိုးလာအောင်၊အသင်းမှာ ရှယ်ယာ ရှင်တွေများလာအောင် စည်းရုံးပေးသွားမယ်။ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ရှိတဲ့ လူငယ်တွေကို ဘောလုံးကစားနည်းမှာ စိတ်ဝင်စားလာပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေဖြစ်အောင် နိုင်ငံလက်ရွေးစင် ကစားသမားတွေ ဖြစ်အောင် ကူညီချင်တဲ့အတွက် ဒုဥက္ကဌ ရာထူးကိုလက်ခံခဲ့တာပါ”ဟု သရုပ်ဆောင်နေထက်လင်းက ပြောဆိုခဲ့သည်။
ခေါ်ယူအားဖြည့်
အနုပညာရှင်တစ်ဦးဖြစ်သည့် ဖိုးချစ်သည် နေရှင်နယ်လိဂ်-၁ပြိုင်ပွဲဝင် စစ်ကိုင်းယူနိုက်တက်ကို အသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက်ရှိရာ နေထက်လင်းမှာ ရခိုင်ယူနိုက်တက်ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်၍ နေရှင်နယ်လိဂ်၌ အနုပညာရှင်တစ်ဦး ထပ်မံရောက်ရှိလာခြင်းဖြစ်သည်။
ရခိုင်ယူနိုက်တက်အသင်းသည် နိုင်ငံခြားသား ကစားသမား ၃ဦးကိုလည်း ခေါ်ယူအားဖြည့်ထားပြီး ၎င်းတို့မှာ နိုင်ဂျီးရီယားတိုက်စစ်မှူးဆင်မြူရယ်နှင့် နောက်ခံလူကယ်လ်ဗင်၊ ဂါနာကွင်းလယ်လူ အဘူဘာကာ တို့ဖြစ်ကြသည်။
ရခိုင်ယူနိုက်တက်အသင်းသည် ၂ဝ၁၉ဘောလုံးရာသီတွင် ပထမအကျော့ပွဲစဉ် (၁၁)ပွဲစလုံးကို စစ်တွေမြို့ရှိ ဝေသာလီကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။















