ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်သော်လည်း မဲဆွယ်စည်းရုံးမှုကို လွတ်လပ်စွာလုပ်ဆောင်လို့မရသည်အထိ အကြောက်တရားနှင့် ရင်ဆိုင်နေရကြောင်း အတိုက်အခံများကပြောဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အဓိကအတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ( ဘီအင်န်ပီ) သည် အခြားပါတီငယ်လေးများနှင့်ပူးပေါင်းပြီး ရွေးကောက်ပွဲဝင်မည်ဖြစ်သည်။
သို့သော် အကြမ်းဖက်တိုက်ခိုက်မှုများ၊ ခြောက်လှန့်မှုများ၊ ပစ်ခတ်မှုများနှင့် ဖမ်းဆီးမှုများရှိနေသောကြောင့် မဲဆွယ်စည်းရုံးမှုကို ထိရောက်စွာမလုပ်ဆောင်နိုင်ကြောင်း ကိုယ်စားလှယ်လောင်း အက်ဘ်ဒူ မိုယင်း ခန်းအပါအဝင် အတိုက်အခံပါတီဝင်များကပြောဆိုခဲ့သည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ အဝါမီအဖွဲချုပ်၏ ရွေးကောက်ပွဲကြော်ငြာများကို နိုင်ငံတစ်ဝန်းတွင် မြင်တွေ့နေရသော်လည်း အတိုက်အခံများ၏မဲဆွယ်စည်းရုံးမှုကြော်ငြာများကိုမတွေ့ရှိရဘဲ ဘီအင်န်ဘီဥက္ကဋ္ဌဖြစ်သလို ဝန်ကြီးချုပ်အဖြစ် သုံးကြိမ်တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ခါလဲဒါဇီယာအပါအဝင် အတိုက်အခံခေါင်းဆောင်များစွာသည် ပြစ်မှုမျိုးစုံဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဟာဆီနာက လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပပေးနိုင်မည်ဟု မယုံကြည်သောကြောင့် ဘီအင်န်ပီသည် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။
ယခုအကြိမ်တွင်မူ ဘီအင်န်ပီသည် ပါတီငယ်လေးများနှင့် မဟာမိတ်ဖွဲ့ပြီး ရွေးကောက်ပွဲဝင်ခဲ့သော်လည်း ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့မှုကို ယခုနောင်တရနေပြီဖြစ်ကြောင်း ဘီအင်န်ပီခေါင်းဆောင်များကပြောဆိုခဲ့သည်။
မဲပေးခွင့်ရှိသူ သန်း ၁၀ဝ ကျော်ပြီး အမတ်နေရာ ၃၀ဝ အတွက်ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ယခုနှစ်အတွင်း တကမ္ဘာလုံးတွင် အကြီးဆုံး အထွေထွေရွေးကောက်ပွဲဖြစ်သည်။ သို့သော် မဲဆွယ်စည်းရုံးမှုများ ဒီဇင်ဘာ ၂၈ ရက်တွင် ပြီးဆုံးခဲ့သော်လည်း အိမ်အပြင်သို့ပင် မထွက်လိုက်ရကြောင်း အတိုက်အခံခေါင်းဆောင်များကပြောဆိုခဲ့သည်။
ယခုအပတ်အတွင်း ပထမဆုံးနှစ်ရက်တွင် မဲဆန္ဒနယ် ၈၀ ရှိ အတိုက်အခံပါတီမှ ဝန်ထမ်းများ တိုက်ခိုက်ခံခဲ့ရသည်။
မဲဆွယ်စည်းရုံးမှုပြုလုပ်စဉ် ရော်ဘာကျည်ဆန်များဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့အား အတိုက်အခံကိုယ်စားလှယ်လောင်းတစ်ဦးက တရားစွဲဆိုခဲ့သည်။
သို့သော် အတိုက်အခံများသာ တိုက်ခိုက်ခြင်းဖြစ်ပြီး လွန်ခဲ့သော ရက်သတ္တပတ်သုံးပတ်အတွင်း ၎င်းတို့ ဝန်ထမ်းငါးဦးခန့်သေဆုံးပြီး ၃၀ဝ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အဝါမီအဖွဲ့ချုပ်က တန်ပြန်စွပ်စွဲပြောဆိုခဲ့သည်။

















