သတင်းသမားခါရှောဂီအသတ်ခံရမှုသည် မိမိတို့အားလုံးအတွက် ဝမ်းနည်းဖွယ်ဖြစ်ကြောင်း၊ သို့သော် ယင်းကိစ္စကြောင့် ဆော်ဒီအာရေဗျနိုင်ငံသည် အကျပ်ဆိုက်နေခြင်းမရှိဘဲ ပြုပြင်ပြောင်းလဲရေးကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးသစ် အီဘရာဟမ် အဲလ်အက်ဆက်ဖ်က ပြောဆိုလိုက်သည်။
အဲလ်အက်ဆက်ဖ်ပြောဆိုသည့် ပြုပြင်ပြောင်းလဲရေးဆိုသည်မှာ ဆော်ဒီအိမ်ရှေ့စံ ဘင်ဆာလ်မန် ဦးဆောင်သည့် စီးပွားရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲရေးကို ဆိုလိုခြင်းဖြစ်သည်။
ဘဏ္ဍာရေးဝန်ကြီးဟောင်း အဲလ်အက်ဆက်ဖ်သည် နိုင်ငံခြားရေးဝန်ကြီး အဒဲလ်အဲလ်ဂျူဘီယာ၏နေရာတွင် အစားထိုးခန့်အပ်ခံခဲ့ရသည်။
သို့သော် ဂျူဘီယာသည် သတင်းထွက်ခဲ့သကဲ့သို့ ရာထူးလျှော့ချခံရခြင်းမဟုတ်ကြောင်း၊ ၄င်းသည် နိုင်ငံခြားရေးရာဌာန၏ အကြီးအကဲအဖြစ် ပြောင်းလဲခန့်အပ်ခံရခြင်းဖြစ်ကြောင်း၊ ဗျူရိုကရေစီစနစ် လွန်ကဲစွာကြီးစိုးနေသည့် ဝန်ကြီးဌာန ပြုပြင်ပြောင်းလဲရေးကို တာဝန်ပေးအပ်ခံရခြင်းဖြစ်ကြောင်း၊ ၄င်းသည် ဆော်ဒီကို ဆက်လက်ကိုယ်စားပြုဆဲ ဖြစ်ကြောင်းလည်း အာဆက်ဖ်ကပြောဆိုခဲ့သည်။
ဆော်ဒီနှင့် နိုင်ငံတကာ၏ စီးပွားရေးဆိုင်ရာဆက်ဆံရေးက နိုင်ငံခြားရေးကို လွှမ်းမိုးမည်ဖြစ်ကြောင်းလည်း အက်ဆက်ဖ်က ပြောဆိုခဲ့သည်။
အက်ဆက်ဖ်သည် လွန်ခဲ့သည့်နှစ်က ရီယာ့ဒ်မြို့တော်တွင် ရာချီသောမင်းသားများ၊ စီးပွားရေးသမားများနှင့် ဆော်ဒီ ထိပ်တန်းပုဂ္ဂိုလ်များ ထိန်းသိမ်းခံခဲ့ရာတွင်လည်း ပါဝင်ခဲ့သည်။ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအတွက်ဟု ဆော်ဒီ အိမ်ရှေ့စံ မိုဟာမက် ဘင်ဆာလ်မန်က ဖော်ညွန်းဆောင်ရွက်ခဲ့သည့် ယင်းထိန်းသိမ်းမှုမှ မကြာခင် အက်ဆက်ဖ် ပြန်လည် လွတ်မြောက်ခဲ့သည်။
ယင်းနောက် ယခုနှစ်စောစောပိုင်းက ဒါဗို့စ်တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဆော်ဒီအစိုးရ ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်ခွင့်ရခဲ့သူဖြစ်သည်။
ထို့အပြင် အက်ဆက်ဖ်သည် နိုင်ငံပိုင်ရေနံကုမ္ပဏီ အာရမ်ကို၏ ဘုတ်အဖွဲ့နှင့် များစွာသော ပြည်သူ့ရေးရာ ရင်းနှီးမြှပ်နှံမှုရန်ပုံငွေအဖွဲ့အစည်းများတွင်လည်း ပါဝင်သည်။ ဆော်ဒီအာရေဗျသည် ကမ္ဘာ့ထိပ်တန်းရေနံစိမ်းတင်ပို့သူဖြစ်ပြီး ရေနံဈေးနှုန်းကျဆင်းမှုကို ရင်ဆိုင်နေရကာ နိုင်ငံခြားရေးမူဝါဒစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

















