အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် ပါလက်စတိုင်းသားများအား တစ်နိုင်ငံသီးခြားတည်ထောင်ခွင့်ပေးရန် တိုက်တွန်းလုပ်ဆောင်ခဲ့သည့် အစ္စရေးစာရေးဆရာကြီး အာမို့စ် အော့ဇ်သည် ဒီဇင်ဘာ ၂၈ ရက်တွင် ကွယ်လွန်ခဲ့ပြီဖြစ်သည်။
ကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ်ရှိပြီဖြစ်သည်။ မိသားစုကိုဂရုစိုက်သူ၊ စာရေးဆရာ၊ ငြိမ်းချမ်းရေးနှင့် အလယ်အလတ်လမ်းစဉ်ကျင့်သုံးသူ ကျွန်မ၏ချစ်ရသော ဖခင် အာမို့စ် အော့ဇ်သည် ကင်ဆာရောဂါကို အချိန်အနည်းငယ်ခံစားခဲ့ရပြီးနောက် ငြိမ်းချမ်းစွာကွယ်လွန်ခဲ့ပြီဖြစ်သည် ဟု သမီးဖြစ်သူ ဖာနီယာ အော့ဇ်-ဆယ်ဘာဂါက တွစ်တာ စာမျက်နှာတွင်ရေးသားခဲ့သည်။
အော့ဇ်သည် အချစ်နှင့် အမှောင်ဇာတ်လမ်း အမည်ရှိ နာမည်ကျော်ကြားသော ဘဝမှတ်တမ်းစာအုပ်အပါအဝင် အစ္စရေးနိုင်ငံအကြောင်း ဝတ္ထု၊ စာတမ်းငယ်နှင့် စကားပြေများကြောင့် ကမ္ဘာတစ်ဝန်းနာမည်ကျော်ကြားခဲ့သူဖြစ်သည်။
အော့ဇ်သည် နာမည်ကျော် ဂိုသေးဆုအပါအဝင် နာမည်ကျော်ဆုများကိုရရှိခဲ့ပြီး စာပေဆိုင်ရာ နိုဘယ်လ်ဆုအတွက် ဆန်ကာတင်စာရင်းပါဝင်ခဲ့သူဖြစ်သည်။
အော့ဇ်ကို အရှေ့ဥရောပမှ အစ္စရေးသို့ ရွှေ့ပြောင်းနေထိုင်သူမိဘများက ၁၉၃၉ ခုနှစ်တွင် ဂျေရုဆလင်၌ မွေးဖွားခဲ့သည်။
အော့ဇ်သည် အစ္စရေးနိုင်ငံအလယ်ပိုင်းရှိ ဘုံစခန်းကိဘုစ်ဟူလ်ဒါ၌ အထက်တန်းကျော်အောင်မြင်ခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် စစ်မှုမထမ်းမနေရစနစ်အရ စစ်မှုထမ်းမှုပြီးစီးခဲ့သည်။
ဂျေရုဆလင်ရှိ ဟီဘရူးတက္ကသိုလ်မှ စာပေဖြင့် ဘွဲ့တစ်ခုရရှိခဲ့ပြီးနောက် ဘုံစခန်းမှာပင်ဆက်လက်နေထိ်ုင်ရင်း စာသင်၊ စာရေး၊ စိုက်ပျိုးရေးလုပ်ကာ နေထိုင်ခဲ့သည်။
သံချပ်ကာတပ်ခွဲတွင် အရန်တပ်သားအဖြစ် တာဝန်ထမ်းဆောင်ရင်း အော့ဇ်သည် ၁၉၆၇ နှင့် ၁၉၇၃ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲများတွင်ပါဝင်တိုက်ခိုက်ခဲ့သည်။ နှစ်ပေါင်း ၅၀ ခန့်ကာလအတွင်း အော့ဇ်သည် ဝတ္ထု ၁၃ အုပ်အပါအဝင် စာအုပ် ၃၅ အုပ်ကျော်ကိုရေးသားခဲ့သည်။ ၎င်း၏လက်ရာများကို ဘာသာစကားပေါင်း ၄၀ ကျော်သို့ ပြန်ဆိုခဲ့သည်။
အော့ဇ်သည် အစ္စရေး၏ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ဦးဆောင်သူတစ်ဦးဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်းဖြစ်သလို ပါလက်စတိုင်းသားများနှင့် သဘောတူညီမှုရအောင် စွမ်းဆောင်ခဲ့သည့်အတွက် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆုရရှိခဲ့သည့် ရှီမွန်ပီရက်စ်၏မိတ်ဆွေလည်းဖြစ်သည်။ ပါလက်စတိုင်းသားများအား သီးခြားနိုင်ငံတည်ထောင်ခွင့်ပေးရန် အော့ဇ်သည် အစ္စရေးခေါင်းဆောင်များကို မကြာခဏတိုက်တွန်းခဲ့သည်။

















