အီဂျစ်နိုင်ငံရှိ ပိရမစ်များအနီးတွင် ဒီဇင်ဘာ ၂၈ ရက်က လမ်းဘေးထောင်ဗုံးပေါက်ကွဲမှုကြောင့် ကမ္ဘာလှည့်ခရီးသွား ဘတ်စ်ကားတစ်စီး ပျက်စီးပြီး ခရီးသည်ဗီယက်နမ်သုံးဦးနှင့် ဧည့်လမ်းညွန်အီဂျစ်တစ်ဦး သေဆုံးခဲ့သည်။
ကိုင်ရိုမြို့အနီး ပိရမစ်များရှိရာ ဂီဇာဒေသ အဲလ်မာယူတီယာလမ်းတွင် ယင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဗီယက်နမ်ခရီးသည် ၁၅ ဦး လိုက်ပါလာသည့် ဘတ်စ်ကားဖြတ်သန်းခိုက် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းပေါက်ကွဲမှုကြောင့် ယာဉ်မောင်း အီဂျစ်လူမျိုးနှင့် ဗီယက်နမ်ခရီးသည် ၁၀ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြခဲ့သည်။
နံရံတစ်ခုအနီး လျှို့ဝှက်မြှပ်နှံထားသည့် လက်လုပ်ဗုံးဖောက်ခွဲတိုက်ခိုက်မှုဖြစ်ကြောင်း အီဂျစ်အာဏာပိုင်တို့က ပြောဆိုခဲ့ပြီး မည်သူကမျှ ၄င်းတို့လက်ချက်ဟု ထုတ်ဖော်မှု မရှိသေးပေ။
အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုဖြစ်ကြောင်း အီဂျစ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ အာမက်ဟာဖက်ဇ်က ပြောဆိုခဲ့ပြီး သေဆုံးထိခိုက်သူ ဗီယက်နမ်များနှင့် အီဂျစ်များအတွက် စာနာမှုကိုဖော်ပြလျက် အကြမ်းဖက်မှုဇစ်မြစ် လျော့ပါးသွားအောင် နှစ်သစ်တွင်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အီဂျစ်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ် ထရန်သန်းကောင်း သည် အချင်းဖြစ်ရာနှင့် ဒဏ်ရာရရှိသူများ ရှိနေသည့် အဲလ်ဟာရမ်ဆေးရုံသို့ သွားရောက်ခဲ့သည်။
အီဂျစ်နိုင်ငံသည် နှစ်ပေါင်းများစွာအတွင်း အစ္စလာမ္မစ်စစ်သွေးကြွများနှင့် တိုက်ပွဲဝင်ခဲ့ရသည်။ လူနည်းစု ခရစ်ယာန်များနှင့် ကမ္ဘာလှည့်ခရီးသွားများ မကြာခဏ တိုက်ခိုက်ခံခဲ့ရသည်။
ယခုဖြစ်ရပ်သည် နှစ်နှစ်အတွင်း နိုင်ငံခြားခရီးသွားများကို ပထမဆုံး တိုက်ခိုက်မှုလည်းဖြစ်သည်။ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံရေးအကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများကြောင့် ကျဆင်းခဲ့ရသည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပြန်လည်အရှိန်ရလာခြင်းကို ထိုးနှက်ချက်တစ်ရပ် ဖြစ်သည်။

















