လူ့အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုမဖြစ်စေရဟု တာလီဘန်များ ကတိပြု

လူ့အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုမဖြစ်စေရဟု တာလီဘန်များ ကတိပြု

ငြိမ်းချမ်းရေးရရှိပြီး တာလီဘန်များပြန်လည်အာဏာရရှိလာပါက ယခင်က တင်းကျပ်စွာအုပ်ချုပ်ခဲ့သလိုမျိုး အုပ်ချုပ်မည်မဟုတ်သလို လူ့အဖွဲ့အစည်းအတွက်လည်း ခြိမ်းခြောက်မှုမဖြစ်စေရဟု ကတိပြုပါကြောင်း တာလီဘန်များ၏ပြောခွင့်ရှိသူ ဇာဘူလာ မူဂျာဟစ်က ထုတ်ပြန်ပြောဆိုခဲ့သည်။

အမေရိကန်တပ်များ အာဖဂန်နစ္စတန်ကို ကျူးကျော်ခဲ့သည့် ၂၀ဝ၁ ခုနှစ်မတိုင်မီ နှစ်များတွင် တာလီဘန်များသည် အာဖဂန်နစ္စတန်အား တင်းကျပ်စွာအုပ်ချုပ်ခဲ့သည်။ အမေရိကန်အထူးကိုယ်စားလှယ် ဇယ်လ်မေ ခါလီဇတ်နှင့် တာလီဘန်ကိုယ်စားလှယ်များကြား လွန်ခဲ့သော သုံးလအတွင်း ဆွေးနွေးမှုများကိုပြုလုပ်ခဲ့ပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ အရှိန်မြင့်လာခဲ့သည်။

အာဖဂန်နစ္စတန်မှ အမေရိကန်စစ်သည် ၅၀ဝ၀ ကျော်ကို ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် တာလီဘန်များသည် နိုင်ငံကိုပြန်လည်အုပ်ချုပ်နိုင်တော့မည်ဟု မျှော်လင့်လာခဲ့ခြင်းဖြစ်သည်။

တာလီဘန်များသည် အာဖဂန်နစ္စတန်ရှိ နိုင်ငံခြားတပ်များကိုသာ ဆန့်ကျင်ခြင်းဖြစ်ပြီး ၎င်းတို့ဆုတ်ခွာသွားပြီး ငြိမ်းချမ်းရေးရရှိမည်ဆိုပါက နိုင်ငံလုံးဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာပြီး ၎င်းတို့ကိုတိုက်ခိုက်ခဲ့သည့် ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် အစိုးရဝန်ထမ်း မည်သူ့ကိုမဆို အပြစ်ယူမည်မဟုတ်ကြောင်း မူဂျာဟစ်ကပြောဆိုခဲ့သည်။

အမေရိကန်စစ်သည်များကိုပြန်လည်ခေါ်ယူမည်ဆိုသည့် သတင်းကို အတည်ပြုခြင်းမရှိသေးသော်လည်း တာလီဘန်များ ပြန်လည်အုပ်ချုပ်ခွင့်ရတော့မည့် အလားအလာနှင့်ပတ်သက်၍ နိုင်ငံသားများ စိုးရိမ်နေကြပြီဖြစ်သည်။ တာလီဘန်များ၏စိတ်နေစိတ်ထားပြောင်းလဲမည်ဟုမထင်သော်လည်း လူ့အခွင့်အရေးကိုမလေးစားဘဲ နိုင်ငံတကာအသိုက်အဝိုင်း၏လက်ခံမှုကိုခံရမည်မဟုတ်သည်ကိုတော့ တာလီဘန်များနားလည်နေကြပြီဖြစ်ကြောင်း အာဖဂန်နစ္စတန်လူ့အခွင့်အရေးကော်မရှင်၏ပြောခွင့်ရှိသူ ဘီလယ် ဆာဒစ်ကီကပြောဆိုခဲ့သည်။

ဇွန်တွင် သုံးရက်တာ အပစ်အခတ်ရပ်စဲမှုအတွင်း တာလီဘန်တပ်သားများက အစိုးရစစ်သည်များ၊ အရာရှိများနှင့် ဆယ်လ်ဖီရိုက်ပြီး အရပ်သားများနှင့် ရေခဲမုန့်စားမှုတို့ကြောင့် တာလီဘန်ခေါင်းဆောင်များ ဒေါသဖြစ်ခဲ့ကြပြီးဖြစ်သည်။

ယင်းနောက်မကြာမီတွင် တာလီဘန်များသည် အာဖဂန်တပ်များကိုနှင်ထုတ်ရန်အတွက် မဟာဗျူဟာကျသော မြို့များကို တိုက်ခိုက်ခဲ့ပြီး အရပ်သားများကို လူသားဒိုင်းများအဖြစ် အသုံးချခဲ့သည်။