နိုင်ငံရေးလုပ်နိုင်ခြေရှိနေကြောင်း သရုပ်ဆောင် အန်ဂျလီနာ ဂျိုလီပြောဆို

နိုင်ငံရေးလုပ်နိုင်ခြေရှိနေကြောင်း သရုပ်ဆောင် အန်ဂျလီနာ ဂျိုလီပြောဆို

နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်နိုင်ခြေရှိနေပြီး ယင်းနယ်ပယ်သို့ဝင်ရောက်နိုင်ရန်အတွက် ခံနိုင်ရည်လည်းရှိရန်လိုအပ်ကြောင်း သရုပ်ဆောင်လည်းဖြစ်သလို ပရဟိတလုပ်ဆောင်သူလည်းဖြစ်သည့် အန်ဂျလီနာ ဂျိုလီက ဘီဘီစီရေဒီယိုသို့ပြောဆိုခဲ့သည်။

ပြောင်းအလဲဖော်ဆောင်နိုင်မည်ဆိုပါက မည်သည့်အရာကိုမဆို ရိုးသားစွာလုပ်ဆောင်မည်ဖြစ်ကြောင်း အသက် ၄၃ နှစ်အရွယ် ဂျိုလီကပြောဆိုခဲ့သည်။

ဂျိုလီသည် ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ၏အထူးကိုယ်စားလှယ်ဖြစ်သည်။ ဘီဘီစီ၏ ဧည့်အယ်ဒီတာလည်းဖြစ်သည့် ဂျိုလီသည် အရှေ့အလယ်ပိုင်းရှိ ဒုက္ခသည်များအရေးကိုလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

"နိုင်ငံရေးနယ်ပယ်ကို ဝင်မှာလားလို့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကမေးခဲ့မယ်ဆိုရင် ကျွန်မရယ်နေမိမှာပဲ၊ ကျွန်မကိုလိုအပ်တဲ့နေရာကိုသွားမယ်၊ နိုင်ငံရေးနဲ့ ကျွန်မနဲ့ မကိုက်ဘူးလို့ ပြောမိမှာပဲ၊ ဒါပေမဲ့ ကျွန်မ နိုင်ငံရေးနယ်ပယ်အတွက် အရေထူမယ်မထင်ဘူးလို့လည်း ဟာသနှောပြောမိမှာပဲ ဟု သရုပ်ဆောင်ကပြောဆိုခဲ့သည်"ဟု နယူးယောက်ပို့စ်သတင်းစာကဖော်ပြခဲ့သည်။

ဂျိုလီသည် ကုလဒုက္ခသည်များအေဂျင်စီ၏အထူးကိုယ်စားလှယ်တာဝန်နှင့်ပတ်သက်၍လည်း ပြောဆိုခဲ့သည်။ ကုလကိုယ်စားလှယ်အဖြစ် လူများစွာနှင့်ထိတွေ့ဆက်ဆံနိုင်ကာ အလုပ်များလုပ်နိုင်နေဆဲဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

"အစိုးရတွေနဲ့လည်း လက်တွဲလုပ်နိုင်တယ်၊ စစ်တပ်တွေနဲ့လည်း လက်တွဲလုပ်နိုင်သေးတယ်၊ ရာထူးရာခံတွေမရှိဘဲနဲ့လည်း လုပ်နိုင်တဲ့ နေရာမှာရောက်နေတယ်၊ ကိုယ့်မူဝါဒတွေကိုချပြစရာမလိုဘဲ အလုပ်တွေလုပ်နိုင်နေတယ် "ဟု ဂျိုလီကပြောဆိုခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ဂျိုလီသည် ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ဘရက်ပစ်နှင့် လမ်းခွဲခဲ့ပြီး ယင်းနောက် ကလေးခြောက်ဦးကိုပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ ဥပဒေကြောင်းအရ ရင်ဆိုင်မှုများရှိခဲ့သည်။