အင်ဒိုနီးရှားနိုင်ငံတွင် ဒီဇင်ဘာ ၂၂ ရက်က လူ ၄၂၀ ကျော် သေဆုံးစေခဲ့သည့် ဆူနာမီဒီလှိုင်း ဖြစ်စေခဲ့သော အနာ့ခ် ကရာကာတိုမီးတောင်သည် ပေါက်ကွဲပြီးနောက် မပေါက်ကွဲမီမူလအရွယ်အစား၏ လေးပုံတစ်ပုံသာ ကျန်ရှိခြင်းဖြင့် ပေါက်ကွဲမှု မည်မျှပြင်းထန်ခဲ့ကြောင်း ဖော်ပြရာရောက်ခဲ့သည်။
ယခုအခါ မီးတောင်သည် ပမာဏ ကုဗမီတာ သန်း ၄၀ မှ ၇၀ သာရှိတော့ပြီး ကုဗမီတာ သန်း ၁၅၀ မှ ၁၈၀ အထိ ဆုံးရှုံးခဲ့ရကြောင်း အင်ဒိုနီးရှား မီးတောင်နှင့် ဘူမိဘေးအန္တရာယ်လျော့ပါးရေးစင်တာက ထုတ်ပြန်ခဲ့သည်။
မီးတောင်ကျွန်းပွင့်အန်ပြိုကွဲမှုကြောင့် ဆူနာမီလှိုင်း ဖြစ်ပေါ်စေခဲ့ကာ ဆူမာတြားနှင့် ဂျာဗားကမ်းခြေတလျှောက် ကီလိုမီတာ ၃၀ဝ(၁၈၆ မိုင်)အထိ သက်ရောက်စေခဲ့ကြောင်း၊ အနည်းဆုံး ၂ မီတာ(၆ ဒသမ ၆ ပေ)အမြင့်ရှိ လှိုင်းများ ရိုက်ခတ်မှုကြောင့် လူ ၄၂၀ ကျော် သေဆုံးပြီး ၄၀ဝ၀ဝ အိုးအိမ်စွန့်ခွာခဲ့ရကြောင်း သိရသည်။
မီးတောင်သည် စက်တင်ဘာလက အမြင့် ၃၃၈ မီတာ(၁၁၀၈ ပေ) မြင့်မားခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက်၌ မီတာ ၁၁၀(ပေ ၃၆၀)သာ ကျန်ရှိတော့သည်။ မြင်ကွင်းများရှင်းလင်းလာပါက ပိုမိုတိကျသည့် အချက်အလက်များ ထပ်မံပေါ်ထွက်လာနိုင်သည်။
နောက်ထပ် ဆူနာမီဖြစ်နိုင်ခြေကြောင့် ဂျာဗားကျွန်းနှင့် ဆူမားတြားကို ပိုင်းခြားထားသည့် ဆွန်ဒါရေလက်ကြားကမ်းခြေတလျှောက် တစ်မိုင်အတွင်း ဒေသခံများ ဝင်ရောက်ခြင်းမပြုရန် အာဏာပိုင်များက သတိပေးထားရဆဲဖြစ်သည်။
အနာ့ခ် ကရာကာတိုသည် ကရာကာတို၏ကလေးဟု အဓိပ္ပာယ်ရပြီး ကရာကာတိုမီးတောင်သည် ၁၈၈၃ ခုနှစ်က အကြီးကျယ်ဆုံး ပေါက်ကွဲခဲ့သည့် မီးတောင်ဖြစ်သည်။

















