မြိတ်မြို့တွင် မော်တော်ယာဉ်ဖြင့် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသုံးစွဲသူ နှစ်ဦးကို သက်ဆိုင်ရာက ဒီဇင်ဘာ ၂၉ ရက် နေ့ တွင် သတင်းအရ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါနေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် မြိတ်မြို့ ကန်ခေါင်းရပ် မြနန္ဒာလမ်းနေ မိုးမြင့်သိန်း (ခ) အန်ဒူသည် TOYOTA WISH အမဲရောင် မော်တော်ယာဉ်ဖြင့် မြိတ်မြို့အတွင်း မူးယစ်ဆေးဝါးများ ဖြန့် ဖြူးရောင်းချနေကြောင်း သတင်းအရ မြိတ်မြို့မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက အလယ်ကျွန်းနယ်မြေ ပါရမီ(၂)ရပ် ပေ(၆၀)လမ်း အိမ်အမှတ် (၁၅၄၇)နေ ဝင်းကိုကို (၂၅ နှစ်) နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ သည်။
အဆိုပါနေအိမ်တွင် ဝင်းကိုကိုနှင့်အတူ မူးယစ်သတင်းရရှိထားသူ မိုးမြင့်သိန်း (ခ) အန်ဒူ (၂၅)နစ် ကို နေအိမ်ဧည့်ခန်းအတွင်း အတူထိုင်နေစဉ်တွေ့ရှိဖမ်းဆီးခဲ့သည်။
မိုးမြင့်သိန်း (ခ) အန်ဒူ ဝတ်ဆင်ထားသော ဂျင်းဘောင်ဘီရှည် အိတ်ကပ်အတွင်း စာအိတ်ဖြင့် ထုပ်လျက် WY စာတန်းပါ စိတ်ကြွရှုးသွပ်ဆေးပြား ၂၁၄ ပြားနှင့် ကျပ် ၄၂၀ဝ၀ ၊အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
၄င်းနေအိမ်ရှေ့ရပ်ထားပြီး စီးနင်းအသုံးပြုသည့် မိုးမြင့်သိန်း (ခ) အန်ဒူ ပိုင်ဆိုင်သော TOYOTA WISH ယာဉ်ကို ဆက်လက်ရှာဖွေရာ ကားအရှေ့ အံဝှက်အတွင်းမှ အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၃ ပြား၊ ဓားဦးချွန်းတစ်ချောင်း၊ ဝင်းကိုကို၏ နေအိမ်အရှေ့ ရပ်နားထားသော မိုးမြင့်သိန်း (ခ) အန်ဒူ ပိုင်ဆိုင်သော မူးယစ်ဆေးဝါး ဖြန့်ဖြူးရာတွင် အသုံးပြုသည် နံပါတ်မပါ TENA ဆိုင်ကယ်တစ်စီး၊ PCX အဖြူရောင် ဆိုင်ကယ် တစ်စီးတို့ကိုဆက်လက်သိမ်းဆည်းရမိခဲ့သောကြောင့် ၄င်းတို့ နှစ်ဦးကို မြိတ်မြို့မရဲစခန်း က မူးယစ်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားသည်။

















