ကိုလမ်ဘီယာ၌ သမ္မတကို လုပ်ကြံရန်အစီအစဉ် ဖြစ်နိုင်ခြေအား ထောက်လှမ်းရေးကစုံစမ်းနေ

ကိုလမ်ဘီယာ၌ သမ္မတကို လုပ်ကြံရန်အစီအစဉ် ဖြစ်နိုင်ခြေအား ထောက်လှမ်းရေးကစုံစမ်းနေ

ကိုလမ်ဘီယာနိုင်ငံတွင် သမ္မတ အီဗန်ဒူကာအား လုပ်ကြံသတ်ဖြတ်ရန် အစီအစဉ်တစ်ရပ် ဖြစ်နိုင်ခြေရှိခဲ့ခြင်းအတွက် ထောက်လှမ်းရေးတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေသည်။

ပြီးခဲ့သည့်ရက်များအတွင်း ဗင်နီဇွဲလားနိုင်ငံသားသုံးဦးကို ချေမှုန်းရေးလက်နက်များနှင့်အတူ ဖမ်းဆီးမိခဲ့ပြီးနောက် သမ္မတအားလုပ်ကြံရန် ဖြစ်နိုင်ခြေအပေါ် စိုးရိမ်ပူပန်ကြောင်း ကိုလမ်ဘီယာနိုင်ငံခြားရေးဝန်ကြီး ကာလို့စ် ဟမ်းလ်စ်က ဗွီဒီယိုထုတ်လွှင့်ချက်ဖြင့် ရှင်းလင်းပြောဆိုခဲ့သည်။
    ဘလူရေဒီယိုသတင်းက ဗင်နီဇွဲလားနိုင်ငံသားများကို မြောက်ပိုင်းကာရီဘီယန်မြို့များဖြစ်သည် ဗယ်လက်ဒူပါနှင့် ဘာရန်ကွီလာတို့တွင် ယခုလအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အဝေးကြည့်မှန်ပြောင်းတပ် ချေမှုန်းရေးရိုင်ဖယ်၊ ၉ မမ ကျည်သုံး မီနီအူဇီ၊ ခဲယမ်းများ၊ အသံလှန့်ဗုံးများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်လွှင့်ခဲ့သည်။
    ကိုလမ်ဘီယာလက်ဝဲသူပုန်များ သို့မဟုတ် မူးယစ်ဆေးဝါးဂိုဏ်းများက လက်နက်ထောက်ပံ့ခဲ့ပုံရသည့် လုပ်ကြံရေး အစီအစဉ်တစ်ရပ် ဖြစ်ဖွယ်ရှိပြီး လာမည့်လတွင် ဗင်နီဇွဲလားတွင် သမ္မတ နီကိုလပ်စ်မာဒူရို ဒုတိယသက်တမ်းအဖြစ်  ပြန်လည်ရွေးကောက်ခံလုဆဲဆဲ အချိန်နှင့် တိုက်ဆိုင်လျက်ရှိကြောင်းလည်း ဘလူရေဒီယိုက ထုတ်လွှင့်ခဲ့သည်။
    ဟမ်းလ်စ်၏ရှင်းလင်းချက်တွင်မူ မည်သည့်လျှို့ဝှက်ပူးပေါင်းကြံစည်မှုရှိကြောင်း စွပ်စွဲမှုတစ်စုံတစ်ရာမပါဝင်ဘဲ ဂရုတစိုက် ရှောင်ရှားပြောဆိုထားသည်။ 
ဗင်နီဇွဲလားအစိုးရဘက်မှလည်း တစ်စုံတရာ တုံ့ပြန်မှု မရှိသေးချေ။
မည်သို့ဖြစ်စေ သမ္မတလုံခြုံရေးကို အထောက်အကူပြုသည့် သတင်းအချက်အလက်များ ရရှိပါက မျှဝေပေးကြရန်လည်း ကိုလမ်ဘီယာပြည်သူများကို ဟမ်းလ်စ်က ပန်ကြားခဲ့သည်။
    အီဗန်ဒူကာသည် သြဂုတ်ကမှ ကိုလမ်ဘီယာသမ္မတဖြစ်လာခဲ့သည်။ ဗင်နီဇွဲလားသည် စီးပွားရေးအကျပ်ဆိုက်နေ၍ ပြည်သူသန်းချီ နိုင်ငံစွန့်ခွာနေရသည်။ ကိုလမ်ဘီယာ၊ အမေရိကန်နှင့် အခြားပြည်ပအစိုးရများက ဗင်နီဇွဲလားသမ္မတ မာဒူရို၏ မေလရွေးကောက်ပွဲအောင်နိုင်မှုသည် အတိုက်အခံများကိုဖိနှိပ်လျက် တရားမဝင်ရယူထားသည့်အောင်မြင်မှုသာ ဖြစ်ကြောင်း စွပ်စွဲထားသည်။ 
မာဒူရိုကလည်း ကိုလမ်ဘီယာသည် အမေရိကန်နှင့်ပူးပေါင်း၍ ၄င်းကိုအကြမ်းဖက်ဖြုတ်ချရန် ကြံစည်နေကြောင်း စွပ်စွဲထားသည်။