ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အမေရိကန်သတင်းစာအများအပြား ပုံနှိပ်ထုတ်ဝေမှုနှင့် ဖြန့်ချိရေးတွင် အနှောင့်အယှက်ဖြစ်ခဲ့

ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အမေရိကန်သတင်းစာအများအပြား ပုံနှိပ်ထုတ်ဝေမှုနှင့် ဖြန့်ချိရေးတွင် အနှောင့်အယှက်ဖြစ်ခဲ့

အမေရိကန်ပြည်ထောင်စုမှ သတင်းစာအများအပြားသည် ဒီဇင်ဘာ ၂၈ ရက် ဆိုက်ဘာတိုက်ခိုက်မှုတစ်ရပ် ဖြစ်ပေါ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၉ ရက်၌ အဓိကပုံနှိပ်ထုတ်ဝေမှုနှင့် ဖြန့်ချိမှုလုပ်ငန်းတွင် အနှောင့်အယှက်ဖြစ်ခဲ့ကြသည်။

မေးလ်ဝဲအဖျက်အမှောင့် ပရိုဂရမ်တစ်ရပ်ကြောင့် လော့စ်အိန်ဂျယ်လိစ်တိုင်းမ်၊ ချီကာဂိုထရိဗြွန်း၊ ဘာလ်တီမိုးဆန်းနှင့် ထရိဗြွန်းပုံနှိပ်လုပ်ငန်းမှ သတင်းစာများ ဖြန့်ချိမှုနှောင့်နှေးခဲ့ရသည် ဟုဆိုသည်။ 
ထရိဗြွန်းကုမ္ပဏီအဆိုအရ ယင်းမေးလ်ဝဲ တိုက်ခိုက်မှုကို ဒီဇင်ဘာ ၂၈ ရက်၌ စတင်ထောက်လှမ်းမိပြီးနောက် ကိုယ်ပွားပုံနှိပ်လုပ်ငန်းစဉ်ကိုပါ ထိခိုက်ခဲ့သည်ဟု သိရသည်။ တိုက်ခိုက်မှုသည် အမေရိကန်ပြည်ထောင်စုပြင်ပမှလာသည်ဟု ယုံကြည်ရကြောင်း လော့စ်အိန်ဂျယ်လိစ်တိုင်းမ်က ဖော်ပြခဲ့သည်။
    လော့စ်အိန်ဂျယ်လိစ်တွင် အလားတူပုံနှိပ်ဖြန့်ချိကွန်ရက်ကို အသုံးပြုသည့် ဝေါလ်စထရိဂျာနယ်၏ အနောက်ဘက်ကမ်းခြေအတွက် တည်းဖြတ်ထုတ်ဝေမှုနှင့် နယူးယောက်တိုင်းမ်သတင်းစာတို့လည်း ထိခိုက်ခဲ့သည်။
တိုက်ခိုက်မှုဟာ ပုံနှိပ်ထုတ်ဝေလုပ်ငန်းရဲ့ အခြေခံအဆောက်အအုံတွေ အထူးသဖြင့် ဆာဗာကွန်ပျူတာတွေ ရပ်ဆိုင်းသွားဖို့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့တယ်လို့ သုံးသပ်ကြောင်း အမည်မဖော်လိုသည့်ကျွမ်းကျင်သူတစ်ဦးက အယ်လ်အေတိ်ုင်းမ်သို့ ပြောဆိုခဲ့သည်။
    သတင်းစာများ ပုံနှိပ်ထုတ်လုပ်သည့် ရုံးလုပ်ငန်းစနစ်အတွင်း ဗိုင်းရပ်စ်ပရိုဂရမ်ဖြင့် တိုက်ခိ်ုက်ခံရကြောင်း ထရိဗြွန်းကုမ္ပဏီ ပြောခွင့်ရသူ မာရီဆာကိုလီယာ့စ်က အတည်ပြုပြောဆိုခဲ့သည်။ ကုမ္ပဏီ၏ ဈေးကွက်တိုင်းအပေါ် သက်ရောက်မှုရှိခဲ့ကြောင်းလည်း ပြောဆိုခဲ့ပြီး နှောင့်ယှက်ခံရမှုအသေးစိတ်ကိုမူ ထုတ်ပြောရန် ငြင်းဆန်ခဲ့သည်။
    ထရိဗြွန်းကုမ္ပဏီသည် နယူးယောက်ဒေးလီးနယူးစ်၊ အော်လန်ဒိုဆန်တီနဲလ်နှင့် အန်နာပိုလိစ် ကဲပီတယ်ဂေဇက် တို့ကိုလည်း ပိုင်ဆိုင်သည်။ ကဲပီတယ်ဂေဇက်သည် ယခုနှစ်အစောပိုင်းက ဝန်ထမ်းများပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်ခံခဲ့ရပြီး တိုင်းမ်မဂ္ဂဇင်းက တစ်နှစ်တာအတွက် အထူးခြားဆုံးအဖွဲ့အစည်းတစ်ခုအဖြစ် ရွေးချယ်ဖော်ပြခံခဲ့ရသည့် သတင်းစာ ဖြစ်သည်။