အာဖဂန်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည်မဟုတ်ကြောင်း တာလီဘန်များပြောဆို

အာဖဂန်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည်မဟုတ်ကြောင်း တာလီဘန်များပြောဆို

ဆော်ဒီအာရေဗျ၌ လာမည့်လတွင် အာဖဂန်နစ္စတန်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည်မဟုတ်ကြောင်း တာလီဘန်ခေါင်းဆောင်တစ်ဦးက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောဆိုခဲ့သည်။

၁၇ နှစ်ကြာ စစ်ပွဲပြီးဆုံးရေးအတွက် တာလီဘန်၊ အမေရိကန်ပြည်ထောင်စုနှင့် ဒေသဆိုင်ရာနိုင်ငံများမှ ကိုယ်စားလှယ်များသည် အာရပ်စော်ဘွားများနိုင်ငံ( ယူအေအီး) ၌ ယခုလအတွင်း ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ 
သို့သော် အနောက်နိုင်ငံများကျောထောက်နောက်ခံပေးထားသည့် အာဖဂန်အစိုးရနှင့် ဆွေးနွေးမှုများပြုလုပ်မည်မဟုတ်ကြောင်း တာလီဘန်များကပြောဆိုခဲ့သည်။ 
ဇန်နဝါရီတွင် ဆော်ဒီအာရေဗျ၌ အမေရိကန်အစိုးရအရာရှိများနှင့်တွေ့ဆုံပြီး ယူအေအီးတွင် မပြီးဆုံးခဲ့သည့် ဆွေးနွေးမှုများကို ပြန်လည်စတင်မည်ဖြစ်သော်လည်း အာဖဂန်အစိုးရနှင့်မူ ထိပ်တိုက်တွေ့ဆုံဆွေးနွေးမည်မဟုတ်ကြောင်း တာလီဘန်များ၏ခေါင်းဆောင်မှုကောင်စီအဖွဲ့ဝင်တစ်ဦးကပြောဆိုခဲ့သည်။
    အမေရိကန်တပ်များက တာလီဘန်အစိုးရကိုဖြုတ်ချခဲ့သည့် ၂၀ဝ၁ ခုနှစ်မှစ၍ အာဖဂန်နစ္စတန်၌ အဓိကအင်အားစုဖြစ်သည့် အမေရိကန်နှင့်သာ သဘောတူညီမှုကိုဦးစွာရယူလိုကြောင်း စစ်သွေးကြွများကပြောဆိုထားပြီးဖြစ်သည်။ 
ယခုနှစ်အတွင်း တာလီဘန်ကိုယ်စားလှယ်များနှင့် အမေရိကန်ကိုယ်စားလှယ် ဇယ်မ ခါလီဇတ်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သည်။

အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်များပြန်လည်ဆုတ်ခွာပြီး ၂၀၁၉ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ နှစ်ဖက်ကိုယ်စားလှယ်များသည် သုံးကြိမ်ခန့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သည်။
    သို့သော် နောက်ဆုံးသဘောတူညီမှုကို အာဖဂန်များသာ ဦးဆောင်ဆွေးနွေးရမည်ဖြစ်ကြောင်း အမေရိကန်က ပြောဆိုထားသည်။ အာဖဂန်သမ္မတ အက်ရှ်ရက် ဂါနီ၏အစိုးရသည် နိုင်ငံသား ၆၅ ရာခိုင်နှုန်းအပေါ် သြဇာသက်ရောက်နိုင်သော်လည်း အာဖဂန်နစ္စတန်ရှိ စီရင်စု ၄၀၇ ခုအနက် ၅၅ ဒသမ ၅ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်နေကြောင်း နေတိုးအဖွဲ့၏ နိုဝင်ဘာတွင်ထုတ်ပြန်ခဲ့သည့် စာရင်းအင်းများတွင်ဖော်ပြထားသည်။