ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒီဇင်ဘာ ၃၀ ရက်က အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ရာအကြမ်းဖက်မှုများ ဖြစ်ပွားပြီး လူနှစ်ဦးသေဆုံးခဲ့သည်။
ရွေးကောက်ပွဲအတွက် လုံခြုံရေးတပ်ဖွဲ့အင်အားခြောက်သိန်းခန့် နိုင်ငံတစ်ဝန်း ဖြန့်ကျက်ချထားခဲ့ပြီးအကြမ်းဖက်မှုအချို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကောလာဟလသတင်းများကြောင့် ပဋိပက္ခများ ဖြစ်ပွားမည်ကိုကာကွယ်ရန်အတွက်လည်းမဲထည့်ချိန် ပြီးဆုံးချိန်အထိအင်တာနက် မြန်နှုန်းများကိုလျှော့ချထားရန် ဘင်္ဂလားဒေ့ရှ် အစိုးရက ညွှန်ကြားထားသည်။
လက်ရှိဝန်ကြီးချုပ် ရှိတ် ဟာဆီနာသည် တတိယမြောက် ရာထူးသက်တမ်းအတွက် ဆက်လက်အနိုင်ရနိုင်ကြောင်းရေပန်းစားနေသည်။ အဓိကပြိုင်ဘက် ခါလီဒါ ဇီယာသည် ထောင်ဒဏ်ကျခံနေရသဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပေ။
သေဆုံးသူ နှစ်ဦးအနက် တစ်ဦးသည် အတိုက်အခံပါတီဘက်မှဖြစ်ပြီး၊ ကျန်တစ်ဦး၏ မစ္စ ဟာဆီနာ၏ အေအယ်လ် ပါတီမှ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်သည် လူဦးရေသန်း ၁၆၀ ကျော်နေထိုင်သောနိုင်ငံဖြစ်ပြီး၊ ရာသီဥတုပြောင်းလဲမှု၊ အစ္စလာမ္မစ် အကြမ်းဖက်သမားများရန်ပြုမှု၊ ဆင်းရဲနွမ်းပါးမှု၊ အကျင့်ပျက်ခြစားမှု ပြဿနာများနှင့် ရင်ဆိုင်ရလျက်ရှိသည်။
ဝန်ကြီးချုပ်ဟာဆီနာအစိုးရသည် အာဏာရရှိခဲ့သည့် ဆယ်နှစ်တာကာလအတွင်းပို၍ အာဏာရှင်ဆန်ဆန် ပြုမူလာသည်ဟုလည်းအတိုက်အခံများက ဝေဖန်လျက်ရှိသည်။ မစ္စ ဟာဆီနာ၏ ကာလရှည်ကြာ ပြိုင်ဘက် ခါလီဒါ ဇီယာသည်လည်းအကျင့်ပျက်ခြစားမှု စွဲချက် နှစ်ချက်အတွက် ထောင်ဒဏ် ၁၇ နှစ်ထိကျခံနေရပြီးရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိကြောင်း တွေ့ရသည်။
မစ္စ ဇီယာကမူ နိုင်ငံရေးအကွက်ချလုပ်ကြံခံရခြင်းသာဖြစ်ကြောင်း ပြစ်တင်ထားသည်။

















