ဘရာဇီးတွင် သေနတ်ကိုင်ဆောင်ခွင့် တင်းကျပ်ထားသည့် ဥပဒေကို ဖြေလျှော့ပေးရန် အမိန့်ကြေညာချက်ထုတ်နိုင်ရေး စိုင်းပြင်းလျက်ရှိကြောင်း လက်ယာစွန်း သမ္မတသစ် ဂျာ ဘိုဆိုနာရိုက ပြောသည်။
သမ္မတသစ် ဘိုဆိုနာရိုသည် ဇန်နဝါရီ ၁ ရက်တွင် သမ္မတတာဝန်များ စတင်ထမ်းဆောင်မည်ဖြစ်ပြီး သေနတ်ကိုင်ဆောင်ခွင့်ဥပဒေ ဖြေလျှော့ပေးရေးသည် ၎င်း၏ ရွေးကောက်ပွဲ ကတိများအနက် အပါအဝင်ဖြစ်သည်။ ဘရာဇီးသည် လက်ရှိတွင် သေနတ်ကိုင်ဆောင်ခွင့် တင်းကျပ်ထားပြီး သေနတ်လိုင်စင် လျှောက်ထားမည့်သူသည် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများပါ ခံယူရသည်။
ဘရာဇီးတွင် သေနတ်ပိုကိုင်နိုင်လာကြပါက လူကောင်းများအနေဖြင့် သေနတ်သုံးကာ အကြမ်းဖက်သမားများရန်ကို တန်ပြန်နိုင်မည်ဖြစ်ကြောင်း ပြောသည်။
ဘရာဇီးသည် ကမ္ဘာပေါ်တွင် လူသတ်မှုများပြားသည့် နိုင်ငံများထဲတွင် ပါဝင်သောကြောင့် ၂၀ဝ၃ ခုနှစ်၌ လွှတ်တော်သည် လက်နက်ထိန်းချုပ်ရေး ဥပဒေကို ပြဌာန်းခဲ့သည်။ တင်းကျပ်သော ဥပဒေအရ ရဲ၊ စစ်သား စသည့် လုံခြုံရေးကဏ္ဍမှလူများသာ သေနတ်လိုင်စင် လျှောက်ထားခွင့်ရှိသည်။
လိုင်စင်မရှိဘဲ သေနတ်ကိုင်သူသည် ထောင်ဒဏ် လေးနှစ်ထိ ကျခံရမည်။
သတ်မှတ်ချက်များနှင့် ကိုက်ညီရုံသာမက စိတ်ပိုင်းဆိုင်ရာ စာမေးပွဲလည်း အောင်မြင်မှသာ သေနတ်လိုင်စင် ရရှိမည်ဖြစ်သည်။
ဥပဒေပြဌာန်းပြီး နောက်တစ်နှစ်တွင် ဘရာဇီး၌ လူသတ်မှု ၈ ရာခိုင်နှုန်းထိ ကျဆင်းသွားပြီး၊ အစိုးရ၏ လက်နက်ပြန်လည်ဝယ်ယူရေး အစီအစဉ်ကြောင့်လည်း သေနတ် ငါးသိန်းကျော် ပြန်သိမ်းယူနိုင်ခဲ့သည်။
သို့သော် နောက်ပိုင်းနှစ်များတွင် လူသတ်မှုများ ပုံမှန် ပြန်မြင့်တက်လာခဲ့ပြီး ကမ္ဘာ့ဘဏ်၏ စစ်တမ်းအရ လက်ရှိတွင် ဘရာဇီးသည် လူသတ်မှုအများဆုံး ကမ္ဘာ့အဆင့် ရှစ် ဖြစ်နေသည်။

















