ပြင်သစ်နိုင်ငံ၌ ဆန္ဒပြမှုများကို ဦးဆောင်ပြုလုပ်နေသည့် အဝါရောင်ဝတ်စုံဝတ်ဆန္ဒပြသူများသည် ဒီဇင်ဘာ ၂၉ ရက်တွင် ပြင်သစ်ရုပ်သံဌာနရုံးခန်းများဘက်သို့ ဦးတည်ချီတက်ပြီး မီဒီယာများသည် အစိုးရဘက်တော်သားများဖြစ်ကြောင်း ကြွေးကြော်ခဲ့ကြသည်။
သတင်းသမား အစိုးရဘက်တော်သား ဟု ကြွေးကြော်နေသည့် ဆန္ဒပြသူရာပေါင်းများစွာသည် ရုပ်သံကွန်ရက် ဘီအက်ဖ်အမ်နှင့် နိုင်ငံပိုင် ပြင်သစ်ရုပ်သံဌာနများရှေ့တွင် စုဝေးခဲ့ကြသည်။
အဓိကရုဏ်းနှိ်မ်နင်းရေးရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲခဲ့ပြီး ဆန္ဒပြသူတချို့ကလည်း ကျောက်ခဲများ၊ အခြားမာကျောသောပစ္စည်းများဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြသည်။
ဆန္ဒပြမှုများစတင်ခဲ့သည့် နိုဝင်ဘာ ၁၇ ရက်မှစ၍ ပြင်သစ်၌ ဆန္ဒပြမှုများကို အဓိကထားသတင်းတင်ဆက်နေသော်လည်း အဝါရောင်အပေါ်ရုံအင်္ကျီဝတ်လှုပ်ရှားမှုအဖွဲ့ဝင်များက သတင်းမီဒီယာများသည် သမ္မတဧမာနွေလမာခရွန်၏အစိုးရ၊ စီးပွားရေးလုပ်ငန်းများဘက်ကိုလိုက်နေပြီး ဆန္ဒပြမှုများကို လျှော့ပေါ့ဖော်ပြနေကြောင်း စွပ်စွဲခဲ့သည်။
မာခရွန်၏အစိုးရက အလျှော့ပေးမှုများလုပ်ဆောင်ခြင်းကြောင့်သာမက အားလပ်ရပ်ရာသီနှင့် အေးမြသော ဆောင်းရာသီတို့ကြောင့်လည်း ဒီဇင်ဘာ ၂၉ ရက်တွင် ဆန္ဒပြသူဦးရေ နည်းပါးခဲ့သည်။
မာခရွန်က အခွန်လျှော့ချကောက်ခံခြင်းနှင့် အခြားအကူအညီများပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သော်လည်း မာခရွန်၏စီးပွားရေးလိုလားသော မူဝါဒများကို မကျေနပ်သည့်အတွက် နိုင်ငံတစ်ဝန်းတွင် လမ်းများကိုပိတ်ဆို့ပြီး ဆန္ဒပြနေကြဆဲဖြစ်သည်။

















