မယားပါသားကို ရိုက်နှက်နေသူကို ဖျန်ဖြေစဉ် စကားများပြီး ဓားဖြင့်ခုတ်သတ်

မယားပါသားကို ရိုက်နှက်နေသူကို ဖျန်ဖြေစဉ် စကားများပြီး ဓားဖြင့်ခုတ်သတ်

လှည်းကူးမြို့နယ်တွင် မယားပါသားကို ရိုက်နှက်နေသူကို ဝင်ရောက်ဖျန်ဖြေစဉ် စကားများရန်ဖြစ်ခဲ့ပြီးနောက် ဓားဖြင့်ခုတ်သတ်ခဲ့သူက ဒီဇင်ဘာ ၃၀ ရက်နေ့တွင် သက်ဆိုင်ရာသို့ လာရောက်အဖမ်းခံခဲ့သည်။

ဒီဇင်ဘာ ၂၉ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် လှည်းကူးမြို့ နယ်ပေါင်းလင်းသစ်တောကြိုးဝိုင်းအတွင်း လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ ဖောင်ကြီးနယ်မြေရဲစခန်းမှ ဒုရဲအုပ် သန်းမြတ်စိုးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ 
အဆိုပါကြိုးဝိုင်းအတွင်းရှိ သက်ကယ်တဲ ဖိနပ်ချွတ်အနီးတွင် တိုက်ကြီးမြို့ဖလုံ မြိုင်ဟေဝန်ဆင်စခန်းနေ တက်ပု(ခ)စိန်ဝင်း(၄၅ နှစ်)မှာ ဦးခေါင်းဂျိုစောင်းမှ ယာနားထင်အထိ ဓားခုတ်ပြတ်ရှဒဏ်ရာ၊ဝဲပုခုံးပြတ်ရှဒဏ်ရာ၊ လည်ပင်းပြတ်ရှဒဏ်ရာ၊ ယာလက် ကောက်ဝတ်ပြတ်ရှဒဏ်ရာများရရှိသေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ 
အလောင်းကို ဖောင်ကြီးဆေးရုံသို့ ပို့အပ်စစ်ဆေးခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သက်၍ စုံစမ်းချက်များအရ ပြစ်မှုကျူးလွန်ကာ တိမ်းရှောင်ထွက်ပြေးသွားသူသည် ဥက္ကံမြို့နေ ရွှေကြည်(၄၈ နှစ်)ဆိုသူဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု ဆိုသည်။ 
၄င်းမှာ မြေပုံတိုင်တောစခန်းတွင် ဝါးခုတ်လုပ်ကိုင်သူဖြစ်ပြီး အခင်းဖြစ်ချိန် ညနေ ၆ နာရီ အချိန်ခန့်က ဝါးခုတ်ပြီးပြန်လာစဉ် နေအိမ်ရှေ့တဲနေ တူမဖြစ်သူ၏ ခင်ပွန်း တက်ပု(ခ)စိန်ဝင်းက သူ၏ အသက် ၆ နှစ်အရွယ် မယားပါသားဖြစ်သူအား ရိုက်နှက်ဆူပူနေသည်ကို တွေ့ရှိသဖြင့် ဝင်ရောက်ဆွဲရာမှ စကားများရန်ဖြစ်ခဲ့သည်။ 
တက်ပု(ခ)စိန်ဝင်းက အရိုးအသွား ၂၄ လက်မခန့် ဓားရှည်ဖြင့်လိုက်ခုတ်သဖြင့် အဆိုပါ အနီးအနား ပတ်ပြေးနေစဉ် တက်ပု(ခ)စိန်ဝင်းမှာ ခလုတ်တိုက်လဲကျသွားခဲ့သည်။ ထိုသို့ လဲကျစဉ် တက်ပု(ခ)စိန်ဝင်းထံမှ ဓားကိုကောက်ယူကာ တက်ပု(ခ)စိန်ဝင်းကို ဓားဖြင့်ခုတ်ခဲ့ကြောင်း သက်ဆိုင်ရာက စုံစမ်းပေါ်ပေါက်ခဲ့သည်။ 
အမှုဖြင့် တိမ်းရှောင်နေသူ ရွှေကြည်ကို ဖမ်းဆီးစစ်ဆေးရန် စုံစမ်းနေစဉ် ပြစ်မှုကျူးလွန်သူရွှေကြည်က တိုက်ကြီး မြို့မရဲစခန်းသို့ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့သည်။
 ဖောင်ကြီးနယ်မြေရဲစခန်းသို့ ပြန်လည်လွှဲပြောင်းကာ (ပ)၁၁၂/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။