ကော်မတီဆုံးဖြတ်ချက်အရ ၂၀၁၈ ဂိုးသွင်းအများဆုံးဆု မပေး ၂၀၁၉ ရာသီမှစ၍ ဂိုးသွင်းအများဆုံးဆုများ ပေးတော့မည်မဟုတ်

ကော်မတီဆုံးဖြတ်ချက်အရ ၂၀၁၈ ဂိုးသွင်းအများဆုံးဆု မပေး ၂၀၁၉ ရာသီမှစ၍ ဂိုးသွင်းအများဆုံးဆုများ ပေးတော့မည်မဟုတ်

၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ဆုပေးပွဲအခမ်းအနားတွင် လိဂ်ဂိုးသွင်းအများဆုံးဆုနှင့် လူငယ်လိဂ်ဂိုးသွင်း အများဆုံးဆုများကို ပေးအပ်ရန် စီစဉ်ထားခဲ့သော်လည်း လိဂ်ကော်မတီ၏ ဆုံးဖြတ်ချက်အရ မပေးတော့ခြင်းဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုခဲ့သည်။

ချီးမြှင့်

ဒီဇင်ဘာ ၂၇ရက်က ကျင်းပခဲ့သည့် ၂၀၁၈ခုနှစ် နေရှင်နယ်လိဂ်ဆုပေးပွဲတွင် သက်ဆိုင်ရာလိဂ်အသီးသီး၌ ချန်ပီယံဖြစ်ခဲ့သည့်အသင်းများ၊ အကောင်းဆုံးနည်းပြဆုနှင့် အကောင်းဆုံးကစားသမားဆုများကို ပေးအပ်ချီးမြှင့်ခဲ့သော်လည်း လိဂ်-၁၊လိဂ်-၂ ဂိုးသွင်းအများဆုံးဆုနှင့် လူငယ်လိဂ်ဂိုးသွင်းအများဆုံးဆုများကို ပေးအပ်ချီးမြှင့်ခဲ့ခြင်းမရှိ၍ ဝေဖန်သံများထွက်ပေါ်ခဲ့သည်။

ဆုံးဖြတ်

" ဂိုးသွင်းအများဆုံးဆုတွေပေးဖို့ စီစဉ်ထားပြီးသားပါ။ ဒါပေမဲ့ လိဂ်ကော်မတီ ဆုံးဖြတ်ချက်အရ နိုင်ငံတကာလိဂ်ဆုပေးပွဲတွေမှာ ကျင့်သုံးနေတဲ့နည်းအတိုင်း သွားမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။ နိုင်ငံတကာလိဂ်ဆုပေးပွဲတွေမှာ ဂိုးသွင်းအများဆုံးဆု တို့ အကောင်းဆုံးဆုတို့မပေးဘူး။ လူငယ်အကောင်းဆုံး ကစားသမားဆု၊လိဂ်-၁အကောင်းဆုံးကစားသမားဆုပဲပေးတယ်။ ဒါပေမဲ့ ဆုတွေကပေးပြီးသားဖြစ်လို့ ဆုရတဲ့သူတွေကို နေရှင်နယ်လိဂ် ရုံးမှာပဲဖြစ်ဖြစ်၊ ကွင်းဖွင့်ဖလားပြိုင်ပွဲ ပထမပိုင်းနားချိန်မှာပဲဖြစ်ဖြစ် ပေးဖို့စီစဉ်ထားတယ်။ ၂၀၁၉ခုနှစ် ဆုပေးပွဲကစပြီးတော့ ဂိုးသွင်းအများဆုံးဆုတွေ ပေးတော့မှာမဟုတ်ပါဘူး" ဟု ဦးစိုးမိုးကျော်က ပြောဆိုခဲ့သည်။

ဝေဖန်
ပြီးခဲ့သည့် နေရှင်နယ်လိဂ်ဆုပေးပွဲတွင် လူငယ်လိဂ်ဂိုးသွင်းအများဆုံးဆုများကို ပေးအပ်ခဲ့ခြင်းမရှိ၍ ၂၀၁၈ခုနှစ် ယူ-၂၁လူငယ်လိဂ် ဂိုးသွင်းအများဆုံးဆုရခဲ့သည့် ဆောက်သမ်းမြန်မာ ကစားသမား ဇော်ဝင်းနိုင်မှာ ၎င်း၏ လူမှုကွန်ရက်၌ဝေဖန်ခဲ့သည်။

၂၀၁၉ခုနှစ် ကွင်းဖွင့်ဖလားပြိုင်ပွဲကို ဇန်နဝါရီ ၆ရက် ညနေ ၃နာရီခွဲတွင် အောင်ဆန်းကွင်း၌ ကျင်းပမည်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး