လက်ရွေးစင်အသင်း၌ ပြန်ကစားခွင့်ရရန် ကျော်ဇင်လွင် ကြိုးစားမည်

လက်ရွေးစင်အသင်း၌ ပြန်ကစားခွင့်ရရန် ကျော်ဇင်လွင် ကြိုးစားမည်

ဧရာဝတီယူနိုက်တက်တွင် အကောင်းဆုံးခြေစွမ်းပြနိုင်မည်ဟု မျှော်လင့်ထားပြီး လက်ရွေးစင်အသင်း၌ တစ်ကျော့ပြန်လည် ကစားခွင့်ရရန် ကြိုးစားမည်ဖြစ်ကြောင်း နောက်ခံလူ ကျော်ဇင်လွင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

ချန်လှပ်ခံရ

ယခုနှစ်အပြောင်းအရွှေ့ရာသီတွင် မကွေးအသင်းမှ ဧရာဝတီယူနိုက်တက်သို့ ပြောင်းရွှေ့လာခဲ့သည့် ကျော်ဇင်လွင်သည် ပြီးခဲ့သည့် ဆူဇူကီးဖလားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်း၌ ရွေးချယ်ခြင်းမခံရဘဲ ချန်လှပ်ခံခဲ့ရသည်။

“ကျွန်တော့်ရဲ့ အားနည်းချက်တွေကြောင့်လည်းပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ လက်ရွေးစင်အသင်းမှာ ကစားခွင့် မရခဲ့ဘူး။ ဒါပေမယ့် အသင်းသစ်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်ပါတယ်။ အသင်းသစ်မှာ ခြေစွမ်းပြပြီး လက်ရွေးစင်အသင်းမှာ ကစားခွင့်ရဖို့ ကြိုးစားသွားမှာပါ” ဟု ကျော်ဇင်လွင်ကပြောဆိုခဲ့သည်။

ကြိုးစားမည်

မကွေးအက်ဖ်စီလူငယ်အသင်းမှ ထွက်ပေါ်လာခဲ့သည့် ကျော်ဇင်လွင်သည် အသင်းဖော် ဂိုးသမား ကျော်ဇင်ဖြိုးနှင့်အတူ ဧရာဝတီယူနိုက်တက်သို့ပြောင်းရွှေ့လာခဲ့ပြီး အသင်းသစ်နှင့်အတူ အောင်မြင်မှုများ ရယူပြီး ပြည်ပအထိထွက်ကစားနိုင်အောင် ကြိုးစားမည်ဟုလည်း တစ်ဆက်တည်းပြောဆိုခဲ့သည်။ “ ဧရာဝတီအသင်းမှာ အားလုံးအဆင်ပြေပါတယ်။ အသင်းဖော်တွေ အုပ်ချုပ်၊နည်းပြတွေ အားလုံးကလည်း ဖော်ဖော်ရွေရွေပါပဲ။ ဒီအသင်းနဲ့အတူ အောင်မြင်မှုတွေ ရရှိဖို့ ကြိုးစားမယ်။ပြည်ပအထိထွက်ပြီး ကစားနိုင်အောင်လည်း ဆက်လက်ကြိုးစားသွားမှာပါ” ဟု ပြောဆိုခဲ့သည်။

ဧရာဝတီယူနိုက်တက်အသင်းသည် ၂၀၁၉ခုနှစ်နေရှင်နယ်လိဂ် အဖွင့်ပွဲအဖြစ် အဝေးကွင်း၌ ရတနာပုံအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး