သမ္မတထရမ့်နှင့် တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ထားကြောင်း သမ္မတပူတင်က သဝဏ်လွှာပို့

သမ္မတထရမ့်နှင့် တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ထားကြောင်း သမ္မတပူတင်က သဝဏ်လွှာပို့

၂၀၁၉ ခုနှစ်အတွက် ပေးပို့ခဲ့သည့် နှစ်သစ်ကူး သဝဏ်လွှာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ပြောဆိုခဲ့သည်။

သမ္မတပူတင်က သမ္မတထရမ့်ထံ ဒီဇင်ဘာ ၃၀ ရက်က ပေးပိုခဲ့သည့် နှစ်သစ်သဝဏ်လွှာအကျဉ်းချုပ်ကို ရုရှားက ထုတ်ပြန်ခဲ့သည်။ မဟာဗျူဟာမြောက်တည်ငြိမ်ရေးနှင့် နိုင်ငံတကာလုံခြုံရေး သေချာစေရန်အတွက် ရုရှားအမေရိကန် ဆက်ဆံရေးသည် အရေးအပါဆုံးကဏ္ဍဖြစ်ကြောင်း သဝဏ်လွှာတွင် သမ္မတပူတင်က ဖော်ပြခဲ့သည်။ အာဂျင်တီးနားတွင် ဒီဇင်ဘာ ၁ ရက်၌ ကျင်းပခဲ့သည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ ထိပ်သီးစည်းဝေးပွဲတွင် သမ္မတ ပူတင်နှင့် တရားဝင်တွေ့ဆုံဆွေးနွေးရန် အစီအစဉ်ကို သမ္မတထရမ့်ဘက်က ဖျက်သိမ်းခဲ့သည်။ 
ယင်းရက်မတိုင်မီ ခရိုင်းမီးယားကျွန်းဆွယ်အနီး၌ ယူကရိန်းစစ်ရေယာဉ်သုံးစီးကို ရုရှားက တိုက်ခိုက်သိမ်းပိုက်မှု ဖြစ်ပွားခဲ့ခြင်းအတွက် သမ္မတပူတင်နှင့် ဆွေးနွေးမှုဖျက်သိမ်းခြင်းက အကောင်းဆုံးဖြစ်မည်ဟု သမ္မတထရမ့်က တွစ်တာတွင် ရေးသားခဲ့သည်။
    ယင်းအချိန်မှစ၍ ရုရှားအစိုးရသည် တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့သည်။ သမ္မတ ပူတင်သည် နှစ်သစ်ကူးအားလပ်ရက်များအတွင်း အခြားကမ္ဘာ့ခေါင်းဆောင်များထံလည်း သဝဏ်လွှာများ ပေးပို့ခဲ့ရာ ဆီးရီးယားသမ္မတ ဘာရှားအာဆတ်လည်း အပါအဝင်ဖြစ်သည်။ 
၂၀၁၁ ခုနှစ်မှစတင်သည့် ဆီးရီးယားပြည်တွင်းစစ်တွင် အာဆတ်ဘက်မှ ပူတင်ထောက်ခံပေးနေပြီး ထရမ့်က အမေရိကန်တပ်များကို ယင်းနိုင်ငံမှ ရုပ်သိမ်းရန် ဆုံးဖြတ်ထားသည်။
    အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန်နှင့် အချုပ်အချာအာဏာနှင့် နယ်မြေတည်တံ့ပိုင်ခွင့်ကို ကာကွယ်ရန် လုံ့လထုတ်နေသည့် ဆီးရီးယားအစိုးရနှင့် ပြည်သူများကို ရုရှားက အပြည့်အဝ ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း အာဆတ်ထံ ပူတင်ပေးပို့သည့်စာတွင် ဖော်ပြထားသည်။
    အမေရိကန်တပ်များ ရုပ်သိမ်းမည့် ဆီးရီးယားမြောက်ပိုင်းတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရန် ရုရှားသည် တူရကီနှင့် ဒီဇင်ဘာ ၂၉ ရက်က ဆွေးနွေးခဲ့သည်။