ဆီးရီးယားမှ အမေရိကန်တပ်ရုပ်သိမ်းမှု အဆောတလျင်မလုပ်ရန် သမ္မတထရမ့် ညွှန်ကြားထားကြောင်း ရီပတ်ဘလီကန်အမတ်ပြော

ဆီးရီးယားမှ အမေရိကန်တပ်ရုပ်သိမ်းမှု အဆောတလျင်မလုပ်ရန် သမ္မတထရမ့် ညွှန်ကြားထားကြောင်း ရီပတ်ဘလီကန်အမတ်ပြော

ဆီးရီးယားတွင် အိုင်အက်စ်အကြမ်းဖက်အဖွဲ့ ပြိုကွဲသွားပြီဖြစ်၍ အမေရိကန်တပ်များအားလုံး ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ထားသည့် သမ္မတထရမ့်သည် တပ်ရုပ်သိမ်းမှုအဆောတလျဉ်မလုပ်ရန် ညွှန်ကြားထားသည်ဟု သမ္မတနှင့် တွေ့ဆုံခဲ့သည့် ရီပတ်ဘလီကန်ထိပ်တန်းအမတ် လင်းဆေးဂရေဟမ်က ပြောဆိုလိုက်သည်။

အိုင်အက်စ်များ အမြစ်ပြတ်ဆောင် ဆက်လက်ဖြိုခွင်းမည်ဟု သမ္မတထရမ့်က ကတိပြုခဲ့ကြောင်းလည်း တောင်ကာရိုလိုင်းနားပြည်နယ် အထက်လွှတ်တော်အမတ် ဂရေဟမ်က သတင်းထောက်များကို ရှင်းပြခဲ့သည်။
ဂရေဟမ်သည် ထရမ့်၏ဆီးရီးယားမှတပ်ရုပ်ရေးဆုံးဖြတ်ချက်ကိုသမ္မတဟောင်းအိုဘားမားလက်ထက် ကြီးမားသည့်အမှားမျိုး ကျူးလွန်တော့မည်ဟု ဝေဖန်ခဲ့သူဖြစ်ပြီး ဒီဇင်ဘာ ၃၀ ရက်၌ သမ္မတထရမ့်နှင့်တွေ့ဆုံခွင့်ရခဲ့သည်။ 
ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင် ၂၀ဝ၀ ကို ရုပ်သိမ်းရန်ဆုံးဖြတ်လိုက်ကြောင်း သမ္မတထရမ့်က ဒီဇင်ဘာ ၁၉ ရက်ကပြောဆိုထားသည်။
    ယင်းဆုံးဖြတ်ချက်ကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် အစ္စလာမ္မစ်နိုင်ငံတည်ဆောက်ရေး အိုင်အက်စ်အုပ်စုများ ပြန်လည်ရှင်သန်လာပြီး အမေရိကန်လုံခြုံရေးအား ခြိမ်းခြောက်မည်ကို စိုုးရိမ်မှုများ ဖြစ်ပေါ်လာခဲ့ကာ ကာကွယ်ရေးဝန်ကြီးဂျင်မက်တစ်နှင့် အိုင်အက်စ်တိုက်ခိုက်ရေးညွန့်ပေါင်းအထူးအရာရှိ ဘရက်မတ်ဂတ်တို့ ရာထူးမှ နုတ်ထွက်သွားခဲ့သည်။
    သမ္မတထရမ့်၏ဆုံးဖြတ်ချက်ကြောင့် အမေရိကန်တပ်များမရှိတော့ပါက ဆီးရီးယားမြောက်ပိုင်းရှိ အမေရိကန်မဟာမိတ် ကာ့ဒ်အုပ်စုကို ပြည်တွင်းသောင်းကျန်းမှုနှင့် ဆက်နွယ်စွပ်စွဲလျက် တူရကီတို့က တိုက်ခိုက်လာမည်ကို စိုးရိမ်ပူပန်ကြောင်း၊ ယင်းအခြေအနေကို သမ္မတထရမ့်လည်းသိရှိကြောင်း ဂရေဟမ်က ပြောဆိုခဲ့သည်။
    ယခင်သမ္မတအိုဘားမားလက်ထက် ၂၀၁၅ ခုနှစ်တွင် ဆီးရီးယားသို့ အမေရိကန်အထူးတပ်ဖွဲ့ဝင်အနည်းငယ်ကို စတင်ပေးပို့ခဲ့ပြီး အိုင်အက်စ်များကိုတိုက်ခိုက်နေသည့် ဒေသခံကာ့ဒ်များကို လေ့ကျင့်ကူညီပေးခဲ့သည်။ 
ယင်းနောက် အရေအတွက်တိုးမြင့်လာရာ ယနေ့ အမေရိကန်တပ်ဖွဲ့ဝင် အင်အား ၂၀ဝ၀ ခန့် ရှိနေသည်။ ဆီးရီးယားတွင် အမေရိကန်၏ အနေအထား ရပ်တန့်နေသည့်အခြေအနေရှိကြောင်းလည်း မစ္စတာဂရေဟမ်က ပြောဆိုခဲ့သည်။