ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် ရှိတ် ဟာဆီနာ ထပ်မံအနိုင်ရ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် ရှိတ် ဟာဆီနာ ထပ်မံအနိုင်ရ

ဝန်ကြီးချုပ် ရှိတ် ဟာဆီနာသည် ရွေးကောက်ပွဲတွင်  မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိကြောင်း ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာ ၃၁ တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မစ္စ ဟာဆီနာ၏ အာဏာရပါတီနှင့် မဟာမိတ်ပါတီများသည် လွှတ်တော်နေရာ ၃၀ဝ အနက် ၂၈၈ နေရာ၌  အနိုင်ရရှိခဲ့ပြီး ယခင်က အနိုင်ရရှိထားသည့် စံချိန်ကိုပါ ကျော်လွန်ခဲ့သည်။ 
အတိုက်အခံများကမူ ရွေးကောက်ပွဲသည် အဓိပ္ပါယ်မရှိကြောင်း ရှုတ်ချထားသည်။

ရွေးကောက်ပွဲအတွင်း အာဏာရပါတီနှင့် အတိုက်အခံပါတီများကို ထောက်ခံသူချင်း  ခိုက်ရန်ပြု အကြမ်းဖက်မှုများကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့သလို၊ မဲမသမာမှု စွဲချက်အများအပြားလည်း ထွက်ပေါ်လျက်ရှိသည်။

ဘက်မလိုက်မျှတသော အစိုးရက ကြီးကြပ်ကာ  ရွေးကောက်ပွဲကို အမြန်ဆုံး ပြန်လည်ကျင်းပပေးစေလိုကြောင်း အတိုက်အခံများက ဆော်ဩထားသည်။ 
    ဘင်္ဂလားဒေ့ရှ်  လွှတ်တော်တွင် နေရာ ၃၅၀ ရှိပြီး၊ ၅၀ ကို အမျိုးသမီးများအတွက် သီးသန့်ဖယ်ထားကာ အချိုးကျ ရွေးချယ်ခန့်ထားခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ ကော်မရှင်ကလည်း နိုင်ငံတစ်ဝန်း မဲမသမာမှုများရှိကြောင်း တိုင်ကြားချက်များ လက်ခံရရှိထားကြောင်း၊ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားသည်။ 
    ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ၏ အေအယ်လ်ပါတီသည်  ဘင်္ဂလားဒေ့ရှ်ကို ၂၀ဝ၉ ခုနှစ်က စတင်ကာ အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။

လွှတ်တော် မဲဆန္ဒနယ် ၃၀ဝ အနက် ၂၂၁ နေရာအတွက် မဲရုံများတွင် မဲမသမာမှုများ ရှိခဲ့ကြောင်း အဓိက အတိုက်အခံ ဘင်္ဂလားဒေ့ရှ်  နေရှင်နယ်ပါတီ (ဘီအင်န်ပီ) မှ ပြောရေးဆိုခွင့်ရှိသူက စွပ်စွဲပြောကြားထားသည်။