အာဖဂန်နစ္စတန်မှ အမေရိကန်တပ်အင်အားထက်ဝက်လျှော့ချမည့်အစီအစဉ်ကို ဝေဖန်ပြစ်တင်လိုက်သည့် အာဖဂန်တွင် တာဝန်ယူခဲ့ဖူးသူ အမေရိကန်ဗိုလ်ချုပ်ကြီးဟောင်း စတန်လေ မက်ခရစ္စတယ်က ပုဂ္ဂိုလ်ရေးအရလည်း ထရမ့်သည် လော်လည်ဖောက်ပြားသူဟု ယူဆကြောင်း ပြောဆိုခဲ့သည်။
အာဖဂန်နစ္စတန်မှ အမေရိကန်စစ်အင်အား ၁၄၀ဝ၀ ကို ထက်ဝက်လျှော့ချပါက တာလီဘန်တို့ကို ငြိမ်းချမ်းရေး အတွက် စေ့စပ်ဆွေးနွေးရန် မက်လုံး လျော့နည်းသွားစေမည်ဖြစ်ကြောင်း မက်ခရစ္စတယ်က သတိပေးသည်။
မက်ခရစ္စတယ်သည် အာဖဂန်ရှိ အမေရိကန်နှင့် နေတိုးတပ်များ၏အကြီးအကဲအဖြစ် တစ်နှစ်ကြာ တာဝန်ယူခဲ့ဖူးသည်။
သမ္မတဒေါ်နယ်ထရမ့်၏အမိန့်အရ လာမည့်နွေရာသီတွင် အာဖဂန်မှ တပ်အင်အားထက်ဝက်ရုပ်သိမ်းရန် ပြင်ဆင်နေကြောင်း သတင်းထွက်ပေါ်လာသည်ကို မက်ခရစ္စတယ်က တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
အမေရိကန်တပ်များ လျှော့ချတော့မည်ဖြစ်ကြောင်း ရက်စွဲနှင့်တကွ အတိအကျပြောဆိုလိုက်သည်နှင့် မိမိတို့ကိုယ်မိမိတို့ အားနည်းအောင် ပြုမူရာကျပြီး ၁၇ နှစ်ကြာ အာဖဂန်စစ်အဆုံးသတ်ရေး ငြိမ်းချမ်းရေးဆွေးနွေးရန် တာလီဘန်အတွက် မက်လုံးနည်းသွားမည်ဖြစ်ကြောင်း အေဘီစီရုပ်သံ၏ ယခုအပတ်အစီအစဉ်တွင် မက်ခရစ္စတယ်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အာဖဂန်ပြည်သူများကို အမေရိကန်ကို မဟာမိတ်တစ်ဦးအဖြစ် ယုံကြည်မှုများ ဆုံးရှုံးသွားမည်ကို စိုးရိမ်ကြောင်း၊ သမ္မတထရမ့်သည် အမှန်ကိုပြောလေ့ရှိသူတစ်ဦးဟု မိမိမယူဆကြောင်း၊ ထရမ့််အစိုးရနှင့် ပါဝင်ပတ်သက်လိုခြင်းမရှိကြောင်း မက်ခရစ္စတယ်က ပြောဆိုခဲ့သည်။
ယင်းနောက် သမ္မတထရမ့်သည် လော်လည်ဖောက်ပြားသူဟု ယူဆပါသလားဟု မေးမြန်းမှုကို ယင်းကဲ့သို့ထင်မြင်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
မက်ခရစ္စတယ်သည် ၂၀၁၀ ပြည့်နှစ်ကလည်း သမ္မတအိုဘားမားနှင့် ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်တို့ကို ဝေဖန်ခဲ့ဖူးသည့် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည်။

















