ဂျာမနီသည် ကမ္ဘာ့ရေးရာများတွင် ယခင်ထက်ပိုပြီး ထဲထဲဝင်ဝင် ပါဝင်မည်ဟု အန်ဂျလာ မာကယ် ပြော

ဂျာမနီသည် ကမ္ဘာ့ရေးရာများတွင် ယခင်ထက်ပိုပြီး ထဲထဲဝင်ဝင် ပါဝင်မည်ဟု အန်ဂျလာ မာကယ် ပြော

၂၀၁၉ ခုနှစ်တွင် ဂျာမနီသည် နိုင်ငံတကာ အခန်းကဏ္ဍတွင် ယခင်ထက်ပိုပြီး ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သလို၊ မိမိတို့ နိုင်ငံ၏ ရပိုင်ခွင့်များကိုလည်း ပိုမိုကာကွယ်သွားမည်ဟု ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာ မာကယ်က နှစ်ကုန်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

ဂျာမနီနှင့် နိုင်ငံတကာ ဆက်ဆံရေးတွင်လည်း အချို့ကဏ္ဍများ၌ ဖိအားမြင့်မားလျက်ရှိသည်ဟု မစ္စ မာကယ်က ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်နှင့် ဂျာမနီ   ဆက်ဆံရေး တင်းမာခဲ့ပုံများကို ရည်ညွှန်းပြောကြားသွားသည်။ 
၂၀၁၈ ခုနှစ်အတွင်း  သမ္မတ ဒေါ်နယ် ထရမ့်သည် ဂျာမနီ  ပြည်တွင်းနှင့် ပြည်ပဆိုင်ရာ မူဝါဒများအပေါ် ထိုးနှက်ဝေဖန်ခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း သမ္မတ ထရမ့်သည် အမေရိကန်  အကျိုးစီးပွားကို ရှေးရှုသည့် မူဝါဒကို ကိုင်စွဲခဲ့ပြီး မစ္စ မာကယ်ကမူ နိုင်ငံအများ အတူကောင်းစားရေး မူဝါဒကို ကိုင်စွဲရပ်တည်ခဲ့သည်ကို တွေ့ရသည်။ 
ရာသီဥတုပြောင်းလဲမှု၊ ခိုလှုံသူအရေး၊ အကြမ်းဖက်လုပ်ရပ် တိုက်ဖျက်ရေး စသည်တို့သည် တစ်ဦးတစ်ယောက်ကောင်းဖြင့် ဖြေရှင်းနိုင်မည့် ကိစ္စမျိုးမဟုတ်ဟု မစ္စ မာကယ်က ထောက်ပြပြောကြားထားသည်။
    ဂျာမနီသည် ၂၀၁၉ နှင့် ၂၀၂၀ တွင်  ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ယာယီဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်မည်ဖြစ်ရာ ကမ္ဘာ့နိုင်ငံပေါင်းစုံ အကျိုးရှိမည့် လုပ်ငန်းများကို အားစိုက်လုပ်ကိုင်သွားမည်ဟု မစ္စ မာကယ်က ပြောကြားသည်။ မစ္စ မာကယ်သည် ၂၀၂၁ တွင် ရာထူးမှ ဆင်းမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်က ခိုလှုံသူ တစ်သန်းကျော်ကို ဂျာမနီတွင် လက်ခံခဲ့မှုအတွက် ပြည်တွင်း၌  လူကြိုက်နည်းမှု ရင်ဆိုင်ရကာ ယခုနှစ်အတွင်း ၎င်း၏ ညွန့်ပေါင်းအစိုးရသည် ပြိုကျလုနီးထိ အခြေအနေ ယိမ်းယိုင်ခဲ့ရသည်။