၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း မီဒီယာနယ်ပယ်မှလူ ၉၄ ဦး သတ်ဖြတ်ခံရ

၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း မီဒီယာနယ်ပယ်မှလူ ၉၄ ဦး သတ်ဖြတ်ခံရ

၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း မီဒီယာလုပ်ငန်းနယ်ပယ်မှ သတင်းသမားများ၊ ဝန်ထမ်းများ စုစုပေါင်း ၉၄  ဦး သတ်ဖြတ်ခံရကြောင်း နိုင်ငံတကာ သတင်းသမားများအဖွဲ့အစည်းက ဒီဇင်ဘာ ၃၁  တွင် ထုတ်ပြန်ကြေညာသည်။ 

ပစ်မှတ်ထား လုပ်ကြံခံရခြင်း၊ ဗုံးခွဲတိုက်ခိုက်ခံရခြင်း၊ ပဋိပက္ခဇုန်များတွင် အပစ်အခတ်များကြား သေဆုံးခြင်းများဖြစ်ကြောင်း သိရသည်။ 
    ၂၀၁၇ ခုနှစ်ကထက် သေဆုံးသူ ၁၂ ဦး ပိုများလာကြောင်းလည်း တွေ့ရသည်။ ၂၀၁၂ ခုနှစ်က ၁၂၁ ဦး သတ်ဖြတ်ခံရပြီးနောက်ပိုင်း သတ်ဖြတ်ခံရနှုန်းများ ဆက်တိုက်ကျဆင်းခဲ့ပြီး ၂၀၁၈ တွင်မှ  ပြန်လည်မြင့်တက်လာခြင်းလည်း ဖြစ်သည်။ 
နိုင်ငံတကာ သတင်းသမားများအဖွဲ့အစည်းက စာရင်းစတင်ကောက်ယူခဲ့သည့် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း  ၂၀ဝ၆ ခုနှစ်သည်  သတင်းသမား သေဆုံးမှု ၁၅၅  ဦးဖြင့် အများဆုံးနှစ်အဖြစ်  တွေ့ရသည်။ 
    ၂၀၁၈ ခုနှစ်အတွင်း သတင်းသမားများ သေဆုံးမှု အများဆုံးမှာ အာဖဂန်နစ္စတန်နိုင်ငံဖြစ်ပြီး ၁၆ ဦး သေဆုံးခဲ့ကာ၊ မက္ကဆီကိုက ၁၁ ဦးဖြင့် ဒုတိယရပ်တည်နေပြီး၊ ယီမင်က ၉ ဦး၊ ဆီးရီးယားက ၈ ဦး သေဆုံးခဲ့သည်။ 
    အီရတ်သည် ပြီးခဲ့သည့် ၂၅  နှစ်အတွင်း သတင်းမီဒီယာနယ်ပယ်မှ  ၃၀၉ ဦးထိ အများဆုံး   သေဆုံးသော နိုင်ငံအဖြစ်လည်း ရပ်တည်နေသည်။

နိုင်ငံတကာ သတင်းသမားများ အဖွဲ့အစည်းသည် နိုင်ငံပေါင်း ၁၄၀ ကျော်မှ သတင်းမီဒီယာလုပ်သား ခြောက်သိန်းခန့်ကို ကိုယ်စားပြုသည့် သတင်းမီဒီယာအဖွဲ့အစည်း  ၁၈၇ ခုကို ဆက်သွယ်ကာ စာရင်းကောက်ယူထားခြင်း ဖြစ်သည်။