ဖိလစ်ပိုင်နိုင်ငံတွင် ယခုရက်ပိုင်းအတွင်း အူစမန်အမည်ရှိ အားပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၆၀ ကျော် သေဆုံးခဲ့သည်။
မနီလာမြို့တော် အရှေ့တောင်ဘက် ဘီကိုးလ်ဒေသကို ဒီဇင်ဘာ ၂၉ ရက်က ဖြတ်သန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မုန်တိုင်းသည် ရုတ်တရက်အားကောင်းလာခြင်းကြောင့် ဒေသခံများ အငိုက်မိခဲ့သည်။
အနည်းဆုံး ပျောက်ဆုံးသူ ၁၇ ဦး ရှိနေခြင်းကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်သည်။
အစိုးရ၏ကြိုတင်သတိပေးစနစ်က တိုင်ဖွန်းမုန်တိုင်းအဆင့်ဟု သတ်မှတ်ခဲ့ခြင်းမရှိသကဲ့သို့ အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်း သတိပေးချက်လည်း မထုတ်ပြန်ခဲ့သောကြောင့် ဒေသခံများ ကြိုတင် ကာကွယ်မှု မပြုခဲ့ကြကြောင်း ဘီကိုးလ် မြို့ပြကာကွယ်ရေး ညွှန်ကြားရေးမှူး ကလော့ဒီယိုယူကော့က ပြောဆိုသည်။
မုန်တိုင်းသည် လေပြင်းထန်ခြင်းမရှိသော်လည်း မိုးသည်းထန်စွာ ရွာသွန်း၍ မြေပြိုမှုများ ဖြစ်ပွားပြီး လူသေဆုံးခဲ့ရခြင်းဖြစ်သည်။
ဖိလစ်ပိုင်တွင် စက်တင်ဘာက တိုင်ဖွန်းမန်ကွတ် တိုက်ခတ်ခဲ့ရာ ယင်း၌ လေပြင်းများသည် တစ်နာရီလျှင် ကီလိုမီတာ ၂၀ဝ (၁၂၅ မိုင်)နှုန်း ရှိခဲ့သည်။
ဖိလစ်ပိုင်၏ လက်ရှိအချိန်အထိ အသေအပျောက်အများဆုံး မုန်တိုင်းမှာ ၂၀၁၃ ခုနှစ်က တိုက်ခတ်ခဲ့သည့် စူပါတိုင်ဖွန်းမုန်တိ်ုင်း ဟိုင်ရန်ဖြစ်ပြီး ယင်းကြောင့် ၇၀ဝ၀ ကျော် သေဆုံးခဲ့သည်။

















