လယ်ဝေးမြို့နယ် သပြေပင်ကျေးရွာ၌ ဉာဏ်တော် ၁၃၅ ပေရှိ ရန်အောင်ချမ်းသာဘုရားကြီးတည်ထားမှု ရာခိုင်နှုန်း၈၀ပြီးစီး

လယ်ဝေးမြို့နယ် သပြေပင်ကျေးရွာ၌ ဉာဏ်တော် ၁၃၅ ပေရှိ ရန်အောင်ချမ်းသာဘုရားကြီးတည်ထားမှု ရာခိုင်နှုန်း၈၀ပြီးစီး

နေပြည်တော် လယ်ဝေးမြို့နယ် သပြေပင် ကျေးရွာ V-4 လမ်းမကြီးဘေးတွင် ကမ္ဘာ့ သာသနာပြုမဟာဇေယျသိဒ္ဓိအဓိဋ္ဌာန်ဆရာ တော်ကြီး ဦးဆောင်တည်ထားတော်မူသော ဉာဏ်တော် ၁၃၅ ပေရှိ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွား တော် (ဘူမိဖဿမုဒြာ) ရန်အောင်ချမ်းသာ ဘုရားကြီးသည် ယခုအခါ ပေ ၇၀ မြောက် ရင်ဝတော်သို့ရောက်ရှိပြီး ၆၅ ပေခန့် ကျန်ရှိ ကာ တည်ထားပြီးစီးမှုအခြေအနေမှာ ရာခိုင် နှုန်း ၈၀ ပြီးစီးနေပြီဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့မှ သိရသည်။

ဌာပနာပိတ်ပွဲ

အဆိုပါ ရန်အောင်ချမ်းသာဘုရားကြီးကို ၂၀၁၅ ခုနှစ် အောက်တိုဘာလက စတင် တည်ထားခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် အထက်ဌာပနာပိတ်ပွဲကို ကျင်းပ မည်ဖြစ်သည်။

"ဌာပနာတော် ထည့်သွင်းပူဇော်တဲ့အခါ လှူဖွယ်ပစ္စည်းတွေကို ဆရာတော်ကြီးထံ ကိုယ်တိုင်ကပ်လှူ၍ဖြစ်စေ၊ မိမိကိုယ်တိုင် ပန်းရထားနဲ့ ဌာပနာထည့်သွင်းလှူဒါန်း၍ ဖြစ်စေ လှူဒါန်းနိုင်ပါတယ်" ဟု ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးသန်းထွေးက ပြောဆိုသည်။

မြေလှူဒါန်း

အဆိုပါ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်ကြီး တည်ထားမှု ပြီးစီးပြည့်စုံသည်အထိ ခန့်မှန်း ကုန်ကျငွေပမာဏမှာ ကျပ်သိန်းပေါင်း ၃၀,ဝ၀ဝ ခန့်ရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဗုဒ္ဓရုပ်ပွားတော်ကြီး တည်ထား ကိုးကွယ်ရန်အတွက် ဦးသိန်းဟုတ်မိသားစုက မြေအကျယ် ၃ ဒသမ ၇၀ ဧက ကို လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ယင်းဘုရားတွင် အရှေ့၊အနောက်၊ တောင်၊ မြောက်အရပ် လေးမျက်နှာတစ်ခုစီ၌ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဟူ၍ မုခ်ဦးလေးခုထားရှိပြီး သက်ဆိုင်ရာကိုယ်စားပြုပန်းပုရုပ်များ သွန်းလုပ် ပူဇော်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး