ဖောင်းပြင်မြို့နယ်တွင် မူးယစ်ဆေးဝယ်ရန် ငွေတောင်းသည့် ခင်ပွန်းကို ၎င်း၏ဇနီးက ထင်းချောင်းဖြင့် ရိုက်သတ်ခဲ့မှု ဒီဇင်ဘာ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ညနေ၅ နာရီ ၁၅မိနစ် အချိန်တွင် ယောက်ဖဖြစ်သူ တစ်ရွာတည်းနေ ဦးဖေခင်(၄၉)နှစ်သည် ၄င်း၏နေအိမ်အရှေ့ခန်းတွင် ဦးခေါင်းမှသွေးများထွက်ကာသေဆုံးနေကြောင်း သရက်ကုန်းကျေးရွာနေဦးဇော်မြင့်ဝင်းက အကြာင်းကြားသဖြင့် ဖောင်းပြင်မြို့နယ် နန်းမော်လိုက်အုပ်စုအုပ်ချုပ်ရေးမှူးဦးထိန်လင်းက သွားရောက်ကြည့်ရှုခဲ့သည်။
ဦးဖေခင်မှာ ၄င်း၏နေအိမ်အရှေ့ခန်းတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲပြီးဦးနှောက်များထွက်နေ သည့် ဒဏ်ရာ၊ယာအပေါ်နှုတ်ခမ်းပေါက်ပြဲချိုင့်ဝင်ဒဏ်ရာ၊ဝဲယာ အပေါ်မျက်ခုံးချိုင့်ဝင်ဒဏ်ရာ၊ယာမျက်လုံးပေါက်ပြဲချိုင့်ဝင်ဒဏ်ရာ၊ နှဖူးပေါက်ပြဲဒဏ်ရာများရရှိ သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
ဦးဖေခင်၏ဇနီးဒေါ်မိစိန်ကို အုပ်စုအုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ယူ၍ ခင်ပွန်းဖြစ်သူ ဦးဖေခင် သေဆုံးမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့သည်။
ထိုသို့ မေးမြန်းရာ ဦးဖေခင်သည် မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲတတ်သူဖြစ်ပြီး မူးယစ်ဆေးဝယ်ရန်ငွေတောင်းခံစဉ် မရှိကြောင်းပြောသဖြင့် ဦးဖေခင်ကပြဿနာရှာကာ ဒေါ်မိစိန်၏လည်ပင်းကိုညှစ်ကာလက်သီး ဖြင့်ထိုးခဲ့သည်ဟု ဒေါ်မိစိန်က သက်ဆိုင်ရာသို့ ပြောကြားခဲ့သည်။
ထိုသို့ပြုမူစဉ် ဒေါ်မိစိန်က သစ်သားထင်းချောင်းဖြင့် ဦးဖေခင်၏ဦးခေါင်းကို ရိုက်ခဲ့သောကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ပြောပြသိရှိခဲ့ရ၍ ဒေါ်မိစိန်(၄၇)နှစ်ကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။
ဖောင်းပြင်မြို့မရဲစခန်းက(ပ)၁၁၂/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။

















