နေအိမ်အတွင်းဝင်ရောက်ကာ ထိုင်ဝမ်နိုင်ငံသားကို လုယက်ခဲ့သူနှစ်ဦး ဖမ်းမိ

နေအိမ်အတွင်းဝင်ရောက်ကာ ထိုင်ဝမ်နိုင်ငံသားကို လုယက်ခဲ့သူနှစ်ဦး ဖမ်းမိ

သင်္ဃန်းကျွန်းမြို့နယ်တွင် နေအိမ်အတွင်းဝင်ရောက်ကာ ထိုင်ဝမ်နိုင်ငံသားကို လုယက်ခဲ့သူနှစ်ဦးအား သက်ဆိုင်ရာက ယနေ့ဇန်နဝါရီ ၁ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ၂၉ ရက်နေ့ နံနက် ၉ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က)ရပ်ကွက်၊ ကြိုးစက်လမ်းနေ ထိုင်ဝမ်နိုင်ငံသား Mr. Wang Liang Chuan(ခ)ဦးအောင်မင်းက နေအိမ်ကို သော့ခတ်ပြီး မင်္ဂလာဒုံလေဆိပ်သို့ သွားရောက်ခဲ့ သည်။ 
ထိုစဉ် ခင်မင်ရင်းနှီးသူ သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/ခ)ရပ်ကွက်၊ ရွာလယ်လမ်းနေ သန့်ဇင်ဦး (၂၆)နှစ်ဆိုသူက နေအိမ်တွင် ရှိသလားဟု ဖုန်းဆက်မေးမြန်းခဲ့ရာ ၄င်းက မင်္ဂလာဒုံလေဆိပ်သို့ သွားရောက်နေကြောင်း ပြောဆိုခဲ့သည်။ 
ထို့နောက် နံနက် ၁၀ နာရီ မိနစ်၅၀ တွင် နေအိမ်သို့ပြန်လည်ရောက်ရှိစဉ် ၄င်းက သန့်ဇင်ဦးကို ပြန်ရောက်နေပြီဖြစ်ကြောင်း ဖုန်းဆက်ပြောဆိုခဲ့သည်။ 
မိနစ်(၂၀)အချိန်ခန့်အကြာတွင် သန့်ဇင်ဦးနှင့် အမည်မသိ လူတစ်ဦးရောက်ရှိလာခဲ့သည်။ ထိုင်ဝမ်နိုင်ငံသားက ၄င်းတို့နှစ်ဦးကို ဧည့်ခံနေစဉ် မူမမှန်သည့် အနေအထားတွေ့ရှိသဖြင့် ထိုင်ဝမ်နိုင်ငံသားက အပြင်သွားစရာ ရှိသည်ဟုပြောဆိုပြီး ပြန်ခိုင်းခဲ့သည်။ 
၄င်းတို့က ပြန်မည်ဟုပြောဆိုကာ ထိုင်ဝမ်နိုင်ငံသားကို သန့်ဇင်ဦးက နောက်မှသိုင်း ဖက်ပြီး ချုပ်ကိုင်ထားကာ ကျန်တစ်ဦးက ဝိုင်းဝန်းချုပ်ကိုင်ခဲ့သည်။
ထို့နောက် ပါးစပ်အားပုဝါစဖြင့်ပိတ်၊ လက်နှင့်ခြေထောက်များကို ဝါယာကြိုးဖြင့်ချည်နှောင်ကာ နေအိမ်ရှိ နောက်ဖေးခန်းသို့ ခေါ်ဆောင်၍ ဝိုင်းဝန်းထိုးကြိတ်ကြပြီး ငွေများအားထုတ်ပေးရန်တောင်းခဲ့သည်။ 
ထိုင်ဝမ်နိုင်ငံသား၏ ဘီဒိုနှင့် အိတ်အတွင်း သိမ်းဆည်းထားသည့် ငွေသိန်း ၂၀ကျပ်၊ Huawei အမျိုး အစားဖုန်းတစ်လုံးနှင့် နေအိမ်သော့တွဲများကို ယူဆောင်ထွက်ပြေးသွားသဖြင့် သန့်ဇင်ဦးပါနှစ်ဦးကို အရေးယူပေးရန်သင်္ဃန်းကျွန်းမြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည်။ 
ရဲတပ်ဖွဲ့၏ ပူးပေါင်းစုံစမ်းဖော်ထုတ်ချက်များအရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ သဲမောင်ဇော်(ခ) သဲမောင်ထွေး(ခ)အငယ်ကောင် (၂၄)နှစ်ကို ခရမ်းမြို့နယ်၊ ပိန်းကန်းအရှေ့ရပ်ကွက်ရှိ ၄င်းတို့ ဆွေမျိုး၏ နေအိမ်မှ ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၈ နာရီ ၅၅ မိနစ်ခန့်တွင် ဖမ်းဆီးရမိခဲ့သည်။ 
၄င်းကို စစ်ဆေးချက်များအရ အမှုမှတိမ်းရှောင်နေသူ သန့်ဇင်ဦး(ခ)ကတုံး (၂၆ နှစ်)ကို ဘုရင့်နောင်ပွဲရုံအတွင်းရှိ တည်းခိုခန်းတစ်ခုမှ ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်တွင် ဖမ်းဆီးရမိခဲ့ပြီး အမှုမှသက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်။