ဗူးသီးမခူးရန် တားမြစ်သည့် ရဟန်း သံချွန်ဖြင့် အထိုးခံရ

ဗူးသီးမခူးရန် တားမြစ်သည့် ရဟန်း သံချွန်ဖြင့် အထိုးခံရ

တိုက်ကြီးမြို့နယ်တွင် ကျောင်းဝင်းအတွင်းဗူးသီးမခူးရန် တားမြစ်ခဲ့သည့်ရဟန်းတစ်ပါး သံချွန်ဖြင့်အထိုးခံရမှု ဒီဇင်ဘာ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သည်။ 

အဆိုပါနေ့ နံနက် ၇ နာရီခန့်တွင် တိုက်ကြီးမြို့နယ် ဆင်ခြံအုပ်စု မွတ်သားစံပြ ကျေးရွာ၌ ဆွမ်းချိုင့်ယူ၍ ပြန်လာသည့် ရဟန်းတစ်ပါး သံချွန်နှင့်အထိုးခံရပြီး တော်လတီတိုက်နယ်ဆေးရုံသို့ ရောက်နေကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။
သံချွန်ဖြင့် အထိုးခံရသူ ရဟန်းသည် ဆင်ခြံကျေးရွာအုပ်စု မွတ်သားစံပြကျေးရွာ ရှိ သာသနာနုဂဟကျောင်းမှ ရဟန်း ဦးခေမာဖြစ်ပြီး ယာပုခုံးရင်း လေးလက်မခန့် ပြတ်ရှဒဏ်ရာ ၊ယာဘက်လက်မောင်းရင်း နှစ်လက်မခန့် ပွန်းခြစ်ဒဏ်ရာ၊ ဝဲဘက်တံတောင်ဆစ် ပွန်းခြစ်ဒဏ်ရာ၊ ဗိုက်အောင့်နာကျင်ဒဏ်ရာများရရှိထားကြောင်း သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိခဲ့သည်။ 
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ ရွာထဲရှိ ဆွမ်းဒါယိကာ ဦးဝင်းချိုင် နေအိမ်သို့ ဆွမ်းချိုင့် သွားယူပြီး ကျောင်းသို့ ပြန်လာစဉ် ရွာလယ်လမ်းအရောက် မွတ်သားစံပြကျေးရွာနေ ကိုမြင့်နိုင်(၄၃)နှစ် က အနောက်မှ လိုက်လာပြီး သံချောင်းချွန်ဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။ 
လွန်ခဲ့သော(၃)ရက်ခန့်က ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ဗူးစဉ်မှ ဗူးသီးကို မခူးရန် ရဟန်း ဦးခေမာက တားမြစ်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ကိုမြင့်နိုင်က မကျေနပ်သဖြင့်  သံချောင်းချွန်ဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။
ကတိုင်စိန်နယ်မြေရဲစခန်းက (ပ)၄၉/၁၈ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၂၄/၅၀၆ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။