အင်္ဂလိပ်ရေလက်ကြားကို ဖြတ်သန်း၍ ပြင်သစ်ကဲ့သို့နိုင်ငံများမှ ရွှေ့ပြောင်းအခြေချများ ဝင်ရောက်ခြင်းကို စောင့်ကြည့်ရန် ဗြိတိန်သည် ပြည်ပတာဝန်ထမ်းနေသည့် ကင်းလှည့်ရေယာဉ်နှစ်စီးကို ပြန်လည်ခေါ်ယူကာ တာဝန်ချထားတော့မည်ဖြစ်သည်။
ပြင်သစ်မှနေ၍ ရေလက်ကြားဖြတ်ကာ ဗြိတိန်သို့ ဝင်ရောက်သူတိုးပွားနေခြင်းသည် အဓိကပြဿနာတစ်ခု ဖြစ်လာပြီ ဖြစ်ကြောင်း ဗြိတိန်ပြည်ထဲရေးဝန်ကြီး ဆာဂျစ်ဂျေဗစ်ဒ်ကဒီဇင်ဘာ ၃၁ ရက်၌ ပြောဆိုခဲ့သည်။
ယင်းရက်၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ရပ်အပြီးတွင် ဂျေဗစ်ဒ်ကရေလက်ကြားတွင် ကင်းလှည့်ရေယာဉ်သုံးစီး ရှိနှင့်နေပြီးဖြစ်ကာ နောက်ထပ် နှစ်စီးတိုးလာတော့မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ကမ္ဘာ့အရှုပ်ထွေးဆုံး ရေလမ်းကြောင်းတစ်ခုကို ဖြတ်သန်းရန်ကြိုးပမ်းသူများ ဒီဇင်ဘာလအတွင်း ၂၃၀ ဦးရှိခဲ့ပြီး ထက်ဝက်ခန့်သည် ပြင်သစ်တွင်ပင် ထွက်ခွာခွင့်တားဆီးခံခဲ့ရကြောင်းလည်း ဂျေဗစ်ဒ်ကပြောသည်။
အရှေ့အလယ်ပိုင်းနှင့် အာဖရိကရှိ ပဋိပက္ခနှင့်ဆင်းရဲတွင်းမှ လွတ်ကင်းအောင်ထွက်ပြေးသူများသည် မြောက်ပိုင်းအာဖရိကနှင့် တူရကီမှတစ်ဆင့် မြေထဲပင်လယ်ကိုဖြတ်သန်းပြီး ဥရောပသမဂ္ဂနိုင်ငံများဆီ ခြေချမိအောင် ကြိုးပမ်းလေ့ရှိသည်။
ဗြိတိန်သို့ရောက်ရှိရန် ကြိုးပမ်းသူအရေအတွက်မှာ အနည်းငယ်မျှသာဖြစ်သည်။
သို့သော် ဗြိတိန် ဥရောပသမဂ္ဂမှထွက်ခွာရန် သုံးလသာလိုတော့ချိန်၊ နိုင်ငံတွင်း ငြင်းခုန်မှုပြင်းထန်နေချိန်တွင် ရွှေ့ပြောင်းအရေးမှာ အရေးကြီးခေါင်းစဉ်တစ်ခု ဖြစ်လာသည်။
ရွှေ့ပြောင်းများကို လူသားချင်းစာနာမှုအရ ကူညီမည် ဖြစ်သကဲ့သို့ မိမိတို့နယ်စပ်ကိုလည်း ကာကွယ်ရမည်ဖြစ်ကြောင်း ဂျေဗစ်ဒ်က ဆိုသည်။ ပြီးခဲ့သည့်သုံးလအတွင်း ရေလက်ကြား ဖြတ်ရန်ကြိုးပမ်းသူ အရေအတွက်သည် ၂၀၁၈ တစ်နှစ်လုံး၏ ၈၀ ရာခိုင်နှုန်းရှိကြောင်းလည်း ပြောသည်။
၂၀၁၇ နှင့် နှိုင်းယှဉ်ပါက ၂၀၁၈ တွင် အရေအတွက်မြင့်တက်လာကြောင်းလည်း ထောက်ပြသည်။
ဒီဇင်ဘာ ၃၁ ရက်ကအင်္ဂလန်အရှေ့တောင်ကမ်းခြေသို့ လှေတစ်စီးဖြင့် ရွှေ့ပြောင်း ၁၂ ဦး ရောက်ရှိခဲ့ကြောင်းလည်း ဒေသခံမီဒီယာများက ဖော်ပြခဲ့ကြသည်။

















