အမေရိကန် ဆက်လက်ပိတ်ဆို့ဒဏ်ခတ်နေပါက နျူကင်းစင်ရေး ကတိကဝတ် လမ်းကြောင်းပြောင်းမည်ဟု ကင်ဂျုံအွန်သတိပေး

အမေရိကန် ဆက်လက်ပိတ်ဆို့ဒဏ်ခတ်နေပါက နျူကင်းစင်ရေး ကတိကဝတ် လမ်းကြောင်းပြောင်းမည်ဟု ကင်ဂျုံအွန်သတိပေး

ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးဆောင်ရွက်ရန် ၄င်းကတိပြုခဲ့သော်လည်း အမေရိကန်က မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ဆက်လက်ပြုလုပ်နေမည်ဆိုလျှင် ကတိကိုလမ်းကြောင်းပြောင်းရလိမ့်မည် ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က နှစ်သစ်တွင် သတိပေးလိုက်သည်။

ဇန်နဝါရီ ၁ ရက်က နိုင်ငံပိုင်ရုပ်သံမှ နှစ်သစ်ကူးမိန့်ခွန်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်အနေဖြင့် တစ်ကမ္ဘာလုံးရှေ့မှောက်တွင် ပေးခဲ့သည့်ကတိကို ထိန်းသိမ်းရန်ပျက်ကွက်ပြီး ၄င်းတို့နိုင်ငံအပေါ် ပိတ်ဆို့မှုများဖြင့် ဆက်လက်ဖိအားပေးနေပါက ၄င်းတို့အချုပ်အချာနှင့် အကျိုးစီးပွားများလုံခြုံရေးအတွက် နည်းလမ်းသစ်စဉ်းစားရုံမှအပ အခြားမရှိကြောင်း ကင်ဂျုံအွန်က ပြောဆိုခဲ့သည်။
    မြောက်ကိုရီးယား၏သည်းခံမှုကို စမ်းသပ်ခြင်းမပြုရန်နှင့် သမ္မတထရမ့်နှင့် အချိန်မရွေး ထပ်မံတွေ့ဆုံရန် အသင့်ရှိကြောင်းလည်း ကင်ကပြောသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ဆက်လက် ရပ်ဆိုင်းထားရန်နှင့် မဟာဗျူဟာမြောက်စစ်လက်နက်များ တောင်ကိုရီးယားတွင် ဖြန့်ချခြင်းမပြုရန်လည်း ကင်က တောင်းဆိုသည်။

ကိုရီးယားချင်းပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရေး အမျိုးသားရေးညီညွတ်ကြရန်လည်း ဆော်သြခဲ့ပြီး နယ်စပ်မြို့မှ ကေဆွန်းစက်မှုဇုန် ပြန်လည်လည်ပတ်ရန်၊ မြောက်ဘက်မှ ဒိုင်းမွန်းမောင်တိန်သို့ တောင်ကိုရီးယားခရီးသည် လာရောက်မှု ပြန်လည်စတင်ရန် အသင့်ရှိကြောင်းလည်း ပြောဆိုခဲ့သည်။
    ကင်သည် မြောက်ကိုရီးယားစီးပွားရေး တိုးတက်နေကြောင်း အသေးစိတ်ဖော်ပြခြင်းမရှိဘဲ ပြောဆိုခဲ့ပြီး နျူကလီးယားစွမ်းအင်သည် နိုင်ငံ့လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို မြှင့်တင်ရေးကဏ္ဍတစ်ရပ် ဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။
    ကင်သည် သမ္မတထရမ့်နှင့် စင်ကာပူတွင် ပြီးခဲ့သည့်နှစ် ဇွန်လက ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင် ဒုတိယအကြိမ်တွေ့ဆုံရန် စီစဉ်နေကြသည်။

မြောက်ကိုရီးယားခေါင်းဆောင်၏ နှစ်သစ်မိန့်ခွန်းများသည် ကုန်လွန်သည့်နှစ်ကိုရောင်ပြန်ဟပ်ပြီး နှစ်သစ်အတွက် အဓိကမူဝါဒနှင့် ရည်မှန်းချက်များကိုထုတ်ပြန်လေ့ရှိ၍ လေ့လာသူများက အစဉ်အမြဲစောင့်ကြည့်ခဲ့သည်။