နှစ်သစ်အကြို တွစ်တာမှတ်ချက်တွင် ဗုံးကြဲမည်ဟု ထုတ်ပြန်မိသည့် စစ်ဌာနချုပ် ပြန်တောင်းပန်ရ

နှစ်သစ်အကြို တွစ်တာမှတ်ချက်တွင် ဗုံးကြဲမည်ဟု ထုတ်ပြန်မိသည့် စစ်ဌာနချုပ် ပြန်တောင်းပန်ရ

အမေရိကန်နျူကလီးယားလက်နက်နှင့် ဒုံးကျည်လက်နက်တိုက်များကို ကြီးကြပ်ရသည့် မဟာဗျူဟာကွပ်ကဲရေး ဌာနချုပ်သည် နှစ်သစ်ကူးအကြို တွစ်တာမှတ်ချက်တွင် ပိုမိုကြီးမားသည့်ဗုံးကြဲရန် အသင့်ဟု ဗုံးကြဲလေယာဉ်ပုံနှင့်တကွ ဖော်ပြခဲ့မိခြင်းကို ပြန်လည်တောင်းပန်ခဲ့ရသည်။

နယူးယောက်မြို့ တိုင်းမ်စကွဲယားရင်ပြင်တွင် ခေါင်းလောင်းများမြည်နေပြီ၊ အလှဆင် ဘောလုံးများလည်း ကျလာပြီ၊ လိုအပ်ပါလျှင် အလှဆင်ဘောလုံးထက် အလွန့်အလွန် ကြီးမားသောဗုံးကို ကြဲချရန်အသင့်ရှိနေသည်ဟု စစ်ဌာနချုပ်၏ တွစ်တာမှတ်ချက်တွင် ဖော်ပြခဲ့ပြီး ဘီ ၂ ဗုံးကြဲလေယာဉ်များမှ ပေါင် ၃၀ဝ၀ဝ သမားရိုးကျ ဗုံးနှစ်လုံး စမ်းသပ်ကြဲချပုံ ဗွီဒီယိုကိုလည်း ယှဉ်တွဲထုတ်လွှင့်ခဲ့သည်။
    ယင်းနောက် ဝေဖန်မှုများပေါ်ထွက်ခဲ့ကာ စစ်ဌာနချုပ်က တောင်းပန်စာဖြင့် မူလမှတ်ချက်ကို အစားထိုး ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် နှစ်သစ်ကူးမှတ်ချက်သည် လွန်စွာဆိုးရွားလှပြီး အမေရိကန်စံနှုန်းများကို ရောင်ပြန်ဟပ်မှု မရှိကြောင်း၊ မိမိတို့တောင်းပန်ကြောင်း၊ အမေရိကန်နှင့် မဟာမိတ်များအတွက် မိမိတို့ တာဝန်ရည်မှန်းချက်တွင် မြှုပ်နှံထမ်းဆောင်လျက် ရှိပါကြောင်း မဟာဗျူဟာဌာနချုပ်က ပြန်လည်ဖော်ပြခဲ့ခြင်းဖြစ်သည်။