လက်ယာစွန်းဝါဒီ စစ်ဗိုလ်ဟောင်း ဘရာဇီး သမ္မတသစ် ဂျာ ဘိုဆိုနာရိုသည် ဇန်နဝါရီ ၁ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုကာ ရာထူးတာဝန် စတင်ထမ်းဆောင်ပြီဖြစ်သည်။
အောက်တိုဘာ ၂၈ ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ လက်ယာစွန်းဝါဒီ အသက် ၆၃ နှစ်အရွယ် ဂျာ ဘိုဆိုနာရိုက လက်ဝဲဝါဒီ လုပ်သားပါတီ သမ္မတလောင်း ဖာနန်ဒို ဟတ်ဒတ်ကို မဲအသာစီးဖြင့် အနိုင်ရရှိခဲ့သည်။
ဘရာဇီးတွင် ကြီးထွားနေသည့် အကျင့်ပျက်ခြစားမှုနှင့် ရာဇဝတ်မှုများကို နှိမ်နင်းလျှော့ချမည်ဟု မစ္စတာ ဘိုဆိုနာရိုက ရွေးကောက်ပွဲ ကတိပြု မဲဆွယ်ခဲ့ခြင်းဖြစ်သည်။
သို့သော် မစ္စတာ ဘိုဆိုနာရိုသည် လက်ယာစွန်းရောက်လွန်းသော မှတ်ချက်များ၊ လူမျိုးရေးခွဲခြားလွန်းသော သဘောထားများကြောင့် ဝေဖန်ခံနေရသူလည်း ဖြစ်သည်။
ရွေးကောက်ပွဲကာလတွင် မိမိကိုယ်ကိုယ် နိုင်ငံရေးနှင့် စိမ်းသူဟု မစ္စတာ ဘိုဆိုနာရိုက ဆိုခဲ့သော်လည်း တကယ်တမ်းတွင် အောက်လွှတ်တော်အမတ်အဖြစ် ခုနစ်ကြိမ်တိုင်တိုင် ထမ်းဆောင်ခဲ့ပြီးမှ သမ္မတ ဖြစ်လာသူ ဖြစ်သည်။
ပါတီအများအပြားတွင် ပါဝင်ခဲ့ဖူးပြီး လက်ရှိတွင် ဆိုရှယ် လစ်ဘရယ်ပါတီ (ပီအက်စ်အယ်လ်) မှ ပါဝင်နေသည်။ ပီအက်စ်အယ်လ်သည် လွှတ်တော်တွင် ပါတီငယ်အဆင့်မှ ယခုနှစ် ရွေးကောက်ပွဲတွင် အောက်လွှတ်တော်၌ အမတ်အရေအတွက် ဒုတိယအများဆုံးပါတီအဖြစ် ရောက်ရှိလာသည်။
နိုင်ငံရေးနယ်ပယ်ထဲ မဝင်ခင်က မစ္စတာ ဘိုဆိုနာရိုသည် ဘရာဇီးစစ်တပ်တွင် လေထီးတပ်သားအဖြစ် ထမ်းဆောင်ခဲ့ဖူးပြီး ဗိုလ်ကြီးအဆင့်ထိ ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။
လွှတ်တော်အမတ်အဖြစ် ထမ်းဆောင်စဉ်တစ်လျှောက် စစ်တပ်အကျိုးရှေးရှုသော လုပ်ငန်းများ ဆောင်ရွက်ခဲ့သလို၊ သမ္မတအဖြစ် ရွေးကောက်ခံရချိန်တွင်လည်း စစ်မှုထမ်းဟောင်း ခုနစ်ဦးထိကို ဝန်ကြီးများအဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်။

















