ငြိမ်းချမ်းရေးသဘောတူချက်ရယူပြီးနောက်ပိုင်း ကိုလမ်ဘီယာဖာ့စ်သူပုန်ဟောင်း ၈၅ ဦးထိ သတ်ဖြတ်ခံခဲ့ရ

ငြိမ်းချမ်းရေးသဘောတူချက်ရယူပြီးနောက်ပိုင်း ကိုလမ်ဘီယာဖာ့စ်သူပုန်ဟောင်း ၈၅ ဦးထိ သတ်ဖြတ်ခံခဲ့ရ

ပြီးခဲ့သော နှစ်နှစ်ကကိုလမ်ဘီယာအစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်း ဖာ့စ်သူပုန်အဖွဲ့ဝင်ဟောင်း  ၈၅ဦးထိ လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း ကုလသမဂ္ဂ၏ စာရင်းများအရသိရသည်။

လုပ်ကြံသတ်ဖြတ်မှု အများစုမှာယခင်ကဖာ့စ် သူပုန်များ ကြီးစိုးထားရာဒေသတွင် ခေါင်းထောင်လာသည့် မူးယစ်ဂိုဏ်းများ၏ လက်ချက်ဖြစ်ကြောင်းကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောသည်။ 
ငြိမ်းချမ်းရေးယူထားသည့် ဖာ့စ်သူပုန်ဟောင်းများကို ပိုမိုကာကွယ်ပေးရန် ကိုလမ်ဘီယာသမ္မတအိုင်ဗန် ဒူကဲကို မစ္စတာဂူတာရက်စ်က ဆော်သြထားသည်။ 
ကိုလမ်ဘီယာသည် ၂၀၁၆ ခုနှစ်တွင် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့သည့် ရှေ့ပိုင်း ၅၂ နှစ်တောက်လျှောက် အစိုးရနှင့် ဖာ့စ်သူပုန်များကြားတိုက်ပွဲများကြောင့် တည်ငြိမ်မှု ပျက်ယွင်းခဲ့သည်။ 
    ငြိမ်းချမ်းရေးသဘောတူချက်အရ ဖာ့စ်သူပုန်အဖွဲ့သည် ဖာ့စ် နိုင်ငံရေးပါတီအဖြစ်သို့ အသွင်ကူးပြောင်းခဲ့ပြီဖြစ်ပြီး အထက်လွှတ်တော်တွင် ငါးနေရာ၊ အောက်လွှတ်တော်တွင် ငါးနေရာခွဲတမ်းရရှိထားသည်။ 
    ပြီးခဲ့သည့် သုံးလအတွင်းမှာပင် ဖာ့စ်သူပုန်ဟောင်း ၁၄ ဦးထိသတ်ဖြတ်ခံခဲ့ရကြောင်း ကုလသမဂ္ဂ၏ ကိုလမ်ဘီယာလုပ်ငန်းစဉ်အစီရင်ခံစာ၌  ဖော်ပြထားသည်။ 
    ၂၀၁၆ ခုနှစ်မှစတင်ကာ လက်ရှိအချိန်အထိလူမှုပရဟိတလုပ်ငန်းကဏ္ဍမှ လူလေးရာကျော်  သတ်ဖြတ်ခံခဲ့ရခြင်းအတွက်လည်း အထူးစိုးရိမ်မိကြောင်း မစ္စတာဂူတာရက်စ်ကထည့်သွင်းပြောကြားသည်။ 
    ငြိမ်းချမ်းရေးသဘောတူချက်အရဖာ့စ်သူပုန်များ ရုပ်သိမ်းလိုက်သည့် နေရာတွင် အစိုးရကလုံခြုံရေး အပြည့်အဝဆောင်ရွက်ပေးနိုင်ခြင်းမရှိသဖြင့် မူးယစ်ဂိုဏ်းများ ခေါင်းထောင်လာကာ ဂိုဏ်းများချင်းတိုက်ခိုက်မှုများလည်း မြင့်တက်လျက်ရှိနေသည်။