ရုရှားနိုင်ငံယူရယ် တောင်တန်းဒေသတွင် ဒီဇင်ဘာ ၃၁ ညပိုင်းကအထပ်မြင့် လူနေတိုက်ခန်း ပြိုကျမှုကြောင့် လူလေးဦးသေဆုံးခဲ့ပြီး၊ ရေခဲမှတ်အောက် အေးခဲနေသောအခြေအနေတွင် အပျက်အစီးများအောက် ပိတ်မိနေသူများကိုကယ်ထုတ်နိုင်ရန် အာဏာပိုင်များကအပူတပြင်း ကြိုးပမ်းလျက်ရှိသည်။
ဓာတ်ငွေ့ပိုက်လိုင်းမတော်တဆပေါက်ကွဲမှုကြောင့် အထပ်မြင့်တိုက် တစ်စိတ်တစ်ပိုင်း ပြိုကျခြင်းဖြစ်ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ထုတ်ပြန်ထားသည်။
လူငါးဦးကိုဒဏ်ရာများဖြင့် ဆေးရုံတင်ခဲ့ရပြီး၊ ၃၅ ဦးစာရင်းမရသေးဘဲပျောက်ဆုံးနေဆဲဖြစ်သည်။ အပူချိန်သည် အနုတ် ၁၇ ဒီဂရီစင်တီဂရိတ်ထိရှိနေရာအပျက်အစီးများကြားတွင် ပိတ်မိနေသူရှိပါက ကြာကြာအသက်ရှင်ရန် မဖြစ်နိုင်သောကြောင့် ကယ်ဆယ်ရေးသမား ၁၄၀ဝ ခန့်သုံးကာအပူတပြင်းရှာဖွေလျက်ရှိသည်။
အပူချိန်သည် အနုတ် ၂၄ ဒီဂရီစင်တီဂရိတ်ထိကျဆင်းနိုင်ကြောင်းလည်းမိုးလေဝသဌာနကခန့်မှန်းထားသည်။
“အချိန်ကြာလာလေမျှော်လင့်ချက်ကနည်းလာနိုင်လေပါပဲ” ဟုကျန်းမာရေးဝန်ကြီးဗီရိုနီကာဆကိုဗိုဆိုဗာကပြောသည်။
ပြိုကျ အပျက်အစီးများအောက် ပိတ်မိနေသူများရှိပါကအအေးလွန် သေဆုံးခြင်းမျိုးကာကွယ်နိုင်ရန် ကယ်ဆယ်ရေးအဖွဲ့များကအပူပေးစက်ကြီးများသုံးကာဝန်းကျင်ကိုအပူပေးလျက်ရှိသည်။
မြို့တော် မော်စကိုမှ အရှေ့တောင်ဘက် မိုင် ၈၇၀ တွင် တည်ရှိသောအခင်းဖြစ်ပွားရာသို့ သမ္မတဗလာဒီမာပူတင် သွားရောက်ကာဆေးရုံတင်ထားရသူများကို ကြည့်ရှုအားပေးခဲ့သည်။

















