နေ့ချင်းပြန် တိုးရစ်များကို ဗင်းနစ် ဝင်ကြေးကောက်မည်

နေ့ချင်းပြန် တိုးရစ်များကို ဗင်းနစ် ဝင်ကြေးကောက်မည်

နေ့ချင်းပြန်နှင့် ရက်တိုခရီးစဉ် လာရောက်သော  တိုးရစ်များကို ဝင်ကြေး ၁၀ ယူရို (၁၁ ဒသမ ၅ ဒေါ်လာ) ကောက်ခံရန်  ဗင်းနစ် အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်သည်။ 

အီတလီ အစိုးရ၏ ၂၀၁၉ ခုနှစ် ဘတ်ဂျက်တွင် ဗင်းနစ်သို့ နေ့ချင်းပြန်နှင့် တစ်ညအိပ် လာလည်သူ တိုးရစ်များကို ဝင်ကြေးကောက်ခံရန် ဥပဒေဖွင့်ဆိုချက် ထည့်သွင်းလိုက်ပြီဖြစ်သည်။ 
နေ့ချင်းပြန် လည်ပတ်သူ တိုးရစ်အများစုမှာ အပျော်စီးသင်္ဘောများဖြင့် လာရောက်သူများဖြစ်သည်။ 
    ရက်ရှည်လည်ပတ်သည့် တိုးရစ်များသည်လည်း အလားတူပင် ဝင်ကြေးအခွန် ပေးဆောင်ရသည်ဖြစ်သော်လည်း ယခုအခါ  နေ့ချင်းပြန်နှင့် တစ်ညအိပ် တိုးရစ်များကို ထပ်မံခွဲခြား ကောက်ခံခြင်းဖြစ်သည်။ 
    တူးမြောင်းများဖြင့် လှပသော ဗင်းနစ်သို့ ကမ္ဘာလှည့်ခရီးသည်  အဝင်အထွက် များပြားလွန်းမှုကြောင့် ဒေသ သဘာဝအလှအပများ ပျက်စီးရသည်ဟု ဒေသခံများက ပြစ်တင်ပြောဆိုလျက်ရှိသည်။ ဗင်းနစ်တွင် နှစ်စဉ် ရာချီသော အပျော်စီးသင်္ဘောကြီးများ ဆိုက်ကပ်ကာ ခရီးသည်  တစ်သန်းကျော်သည် ဗင်းနစ်မြို့ အလှအပများကို နေ့ချင်းပြန် ခရီးစဉ်အဖြစ် လှည့်ပတ်ကြည့်ရှုလေ့ရှိသည်။ 
    ပုံမှန်ချိန်များတွင် တိုးရစ် တစ်ဦးလျှင် ဝင်ကြေး ၂ ဒသမ ၅  ယူရိုမှ ၅ ယူရိုကြား ကောက်ခံမည်ဖြစ်ပြီး၊ နွေရာသီကဲ့သို့ ခရီးသွားရာသီတွင် ၁၀ ယူရိုထိ  ကောက်ခံမည်ဖြစ်ကြောင်း ဗင်းနစ်မြို့တော်ဝန် လူဂျီ  ဘရူနာရိုက ပြောသည်။ 
၂၀၁၉ ခရီးသွားရာသီမှ စတင်ကာ ဝင်ကြေးသစ်များ ကောက်ခံမည်ဖြစ်သည်။ ဝင်ကြေးသစ်ကြောင့် ဗင်းနစ်သည် တစ်နှစ်လျှင် အခွန်ဘဏ္ဍာ ယူရို သန်း ၅၀ ခန့် ပိုမိုရရှိမည်ဖြစ်ပြီး ဗင်းနစ်  သန့်ရှင်းသပ်ရပ်ရေး လုပ်ငန်းများအတွက် အသုံးပြုသွားရန် စီစဉ်ထားသည်။