ဘိန်းဖြူတင်ဆောင်လာသည့် ယာဉ်ပေါ်မှ ယာဉ်မောင်း ခုန်ချထွက်ပြေး

ဘိန်းဖြူတင်ဆောင်လာသည့် ယာဉ်ပေါ်မှ ယာဉ်မောင်း ခုန်ချထွက်ပြေး

ကွတ်ခိုင်မြို့နယ်တွင် ဘိန်းဖြူ ကျပ် ၃၈၇ သိန်းကျော်ဖိုး တင်ဆောင်လာသည့် ယာဉ်ပေါ်မှ ယာဉ်မောင်း ခုန်ချထွက်ပြေးခဲ့မှုကို သက်ဆိုင်ရာက ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အမှုဖွင့်အရေးယူထားသည်။ 

အဆိုပါနေ့ နံနက် ၄ နာရီ ၁၅ မိနစ်ခန့်တွင် မူးယစ်ရဲတပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များသည် ကွတ်ခိုင်မြို့၊ ရပ်ကွက်(၈) ကွတ်ခိုင်- ကောင်းခါးသွားလမ်းပေါ်တွင် ကောင်းခါးကျေးရွာဘက်မှ မောင်းနှင်လာသည့် -Mark II ယာဉ်ကို မူးယစ်သတင်းအရ တားဆီးခဲ့သည်။ 
ထိုသို့တားဆီးစဉ် စစ်ဆေးသည့်နေရာသို့မရောက်မီ ယာဉ်မောင်းမှာ ယာဉ်ပေါ်မှ ခုန်ချ ထွက်ပြေးသွားခဲ့သည်။ ယာဉ်ကို စစ်ဆေးခဲ့ရာယာဉ်နောက်ခန်းတွင် ပီနံအိတ်ဖြင့်ထည့်သွင်းကာ ဆပ်ပြာခွက် ၁၇၆ ခွက် ဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁.၉၃၆ ကီလို ကျပ် ၃၈၇ သိန်းကျော် ဖိုးကို တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် မူးယစ်ဆေးဝါးများသယ်ဆောင်မောင်းနှင်လာသူ ယာဉ်မောင်း(စုံစမ်းဆဲ)ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။ 
ကွတ်ခိုင်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားသည်။