မော်လမြိုင်မြို့တွင် ဇာတ်စင်အနီး ကခုန်သူအချင်းချင်း ခိုက်ရန်ဖြစ်ပွားစဉ် ကတ်ကြေးဖြင့် ထိုးသတ်ထွက်ပြေးခဲ့သူကို သက်ဆိုင်ရာက ဒီဇင်ဘာ ၃၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းမှ သိရသည်။
ဒီဇင်ဘာ ၃၀ ရက်နေ့ ည ၁၁ နာရီ မိနစ် ၃၀ တွင် မော်လမြိုင်မြို့ သရက်ကုန်းပွဲ ဇာတ်စင် ဘေးတွင် လူငယ်အချင်းချင်းစကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသတင်းအရ မုပွန်နယ်မြေရဲစခန်းမှ မုပွန်နယ်မြေရဲစခန်းမှူး ဒုရဲမှူး သန့်ဇင်နှင့်အဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့သည်။
သေဆုံးသူမှာ ကျောက်တန်းရပ်နေ မောင်အေးမင်းဦး အသက်(၂၄)နှစ်ဖြစ်ပြီး ခန္ဓာကိုယ်တွင် ထိုးသွင်းဒဏ်ရာရရှိထားပြီး မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့က ဆေးရုံသို့တင်ပို့ကုသစဉ် သေဆုံးခဲ့သည်။
သေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းခဲ့ရာ သရက်ကုန်းပွဲ ဇာတ်စင်အနီး ကခုန်ရာမှ သေဆုံးသူ အေးမင်းဦးနှင့် စမ်းကြီးရပ်ကွက်နေ အောင်ဝင်းနိုင်(၁၉ နှစ်)တို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် အောင်ဝင်းနိုင်က ကတ်ကြေးဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်းသိရသဖြင့် မုပွန်နယ်မြေရဲစခန်းက(ပ)၁၀၆၇/၁၈၊ ရာဇသတ် ကြီးပုဒ်မ-၃၀၂ အရ အမှုဖွင့်စုံစမ်းခဲ့သည်။
ပြစ်မှုကျူးလွန်တိမ်းရှောင်နေသူ မော်လမြိုင်စမ်းကြီးရပ်ကွက်နေ အောင်ဝင်းနိုင်(၁၉)နှစ်ကို ဒီဇင်ဘာ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။

















