၂၀၁၉ ခုနှစ်သို့ ကူးပြောင်းပြီး နာရီအနည်းငယ်အကြာမှာပင် မက္ကဆီကိုနယ်စပ်မှတစ်ဆင့် ဗဟိုအမေရိက ရွှေ့ပြောင်းခိုလှုံသူများ အမေရိကန်ပြည်တွင်း ဝင်ရောက်ရန်ကြိုးပမ်းမှုကို အမေရိကန်နယ်ခြားစောင့်ရဲများက မျက်ရည်ယိုဗုံးများ ပစ်ခတ်ကာကွယ်ခဲ့သည်။
ဇန်နဝါရီ ၁ ရက်နှောင်းပိုင်း အကောက်ခွန်နှင့်နယ်ခြားကာကွယ်ရေးဌာနထုတ်ပြန်ချက်အရ နယ်စပ်ကို ဖြတ်ကျော်ရန် ကြိုးပမ်းသူများအနက် ရဲများကိုကျောက်တုံးဖြင့်ပစ်ပေါက်သူများကို ပစ်မှတ်ထားလျက် မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ် ကာကွယ်ခဲ့ကြောင်း၊ မီးခိုးဗုံးနှင့် ငရုပ်ကောင်းစပရေးများလည်း အသုံးပြုခဲ့ကြောင်း သိရသည်။ ပလပ်စတစ်ကျည်ဆန်ဖြင့် ပစ်ခတ်မှုလည်း တွေ့မြင်ခဲ့ကြောင်း အေပီသတင်းထောက်တစ်ဦးက ပြောသည်။
ဖြတ်ကျော်ဝင်ရောက်သူ ရွှေ့ပြောင်း ၂၅ ဦးကို ထိန်းသိမ်းခဲ့ကြောင်း၊ ကျန်သူများမှာ မက္ကဆီကိုဘက် ပြန်လည် ထွက်ပြေးခဲ့ကြောင်းလည်း အမေရိကန်တို့ကဆိုသည်။
ယခုဖြတ်ကျော်ရန် ကြိုးပမ်းသူများမှာ လွန်ခဲ့သည့်လက တီဂျူအာနာသို့ ရောက်ရှိခဲ့သည့် ဟွန်ဒူရပ်စ်များ ဖြစ်ကြသည်။ အောက်တိုဘာလလလယ်မှ စတင် ထွက်ခွာခဲ့သည့် ဟွန်ဒူရပ်စ် အများစုဖြစ်သည့် ရွှေ့ပြောင်းခရီးသွားအုပ်စုသည် ၆၀ဝ၀ ကျော် ရှိခဲ့သည်။
အများစုသည် အမေရိကန်တွင်ခိုလှုံခွင့် လျှောက်လွှာတင်နိုင်မည့် အခွင့်အရေးရရှိရန် တီဂျူအာနာမှာပင် စောင့်ဆိုင်းနေကြပြီး အချို့သည် မက္ကဆီကိုတွင် အလုပ်အကိုင်ရှာဖွေလျက် အခြေစိုက်ရန် ကြိုးပမ်းနေကြသည်။
ပြီးခဲ့သည့်နိုဝင်ဘာ ၂၆ ရက်ကလည်း နယ်စပ်တွင် ရွှေ့ပြောင်းများငြိမ်းချမ်းစွာ ဆန္ဒပြရာမှ အချို့သည် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ရန်ကြိုးပမ်းရာ အမေရိကန်ရဲများက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့၍ ရွှေ့ပြောင်းရာချီ မျက်ရည်ယိုဗုံးဒဏ် သင့်ခဲ့သည်။
ရွှေ့ပြောင်းများ အမေရိကန်သို့ ဦးတည်လာရောက်နေကြောင်း သတင်းများထွက်ပေါ်ခဲ့ချိန် နိုဝင်ဘာလသည် အမေရိကန်တွင် သက်တမ်းဝက်ရွေးကောက်ပွဲကျင်းပချိန်ဖြစ်၍ နယ်စပ်ကာကွယ်ရေးဖြင့် မဲဆွယ်ခဲ့သည့် သမ္မတထရမ့်အတွက် မက္ကဆီကိုနယ်စပ်အရေးကို ထောက်ပြစရာဖြစ်ခဲ့သည်။
ထရမ့်သည် မက္ကဆီကိုနယ်စပ်တံတိုင်းဆောက်လုပ်ရေး ရန်ပုံငွေရရှိရေးအတွက် ကွန်ဂရက်လွှတ်တော်တွင် ဒီမိုကရက်များနှင့် တိုက်ပွဲဝင်နေသည်။ ယင်းတိုက်ပွဲဝင်မှုသည် တစ်ဘက်နှင့်တစ်ဘက် ရှေ့မတိုးနောက်မဆုတ် ဖြစ်ခဲ့ပြီးနောက် အမေရိကန်အစိုးရယန္တရားများ တစ်စိတ်တစ်ပိုင်းရပ်တန့်သည့်အခြေ ထပ်မံဆိုက်ရောက်ခဲ့သည်။

















