ရုရှားတွင် သူလျှိုမှုဖြင့် ဖမ်းဆီးခံရသည့် အမေရိကန်နိုင်ငံသားသည် မင်္ဂလာဆောင်သွားခြင်းသာဖြစ်ကြောင်း မိသားစုဝင်များပြော

ရုရှားတွင် သူလျှိုမှုဖြင့် ဖမ်းဆီးခံရသည့် အမေရိကန်နိုင်ငံသားသည် မင်္ဂလာဆောင်သွားခြင်းသာဖြစ်ကြောင်း မိသားစုဝင်များပြော

ရုရှားနိုင်ငံတွင် ဒီဇင်ဘာ ၂၈ ရက်က သူလျှိုလုပ်မှုသံသယဖြင့် ဖမ်းဆီးခြင်းခံရသည့် အမေရိကန်နိုင်ငံသား ပေါလ်ဝဲလန်သည် သူလျှိုမဟုတ်ကြောင်း၊ မော်စကိုတွင်ပြုလုပ်သည့် မင်္ဂလာပွဲတစ်ခု တက်ရောက်ရန်သွားရောက်ခြင်းသာ ဖြစ်ကြောင်း ၄င်း၏မိသားစုက ပြောဆိုခဲ့သည်။

အသက် ၄၈ နှစ်ရှိ ဝဲလန်သည် ကမ်းတက်တပ်စစ်သည်ဟောင်းတစ်ဦးဖြစ်ပြီး ရက်အနည်းငယ်မျှ ၄င်းထံမှ သတင်းပျောက်ကွယ်နေခဲ့ရာမှ အဖမ်းခံထားရကြောင်း ဒီဇင်ဘာ ၃၁ ရက်မှသာ သိရှိရ၍ အံ့သြခဲ့ရကြောင်း မိသားစုဝင်များက ပြောဆိုခဲ့သည်။ 
၄င်းသည် မည်သည့်ဥပဒေမျှချိုးဖောက်ခဲ့ခြင်းမရှိဟု ယုံကြည်ကြောင်း ၄င်း၏ အမွှာ ညီအစ်ကိုဖြစ်သူ ဒေးဗစ်ဝဲလန်က ဆိုသည်။
    ရုရှားနိုင်ငံတော်လုံခြုံရေး(အက်ဖ်အက်စ်ဘီ)သည် ဝဲလန်အား သူလျှိုလုပ်မှုဖြင့် မော်စကိုတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဌာနက ဝဲလန်အား ကောင်စစ်ဝန်နှင့်တွေ့ဆုံခွင့်ပြုရန် ရုရှားတို့ကို မေတ္တာရပ်ခံခဲ့သည်။ 
ဝဲလန်သည် ဒီဇင်ဘာ ၂၂ ရက်၌ ရုရှားသို့ရောက်ရှိခဲ့ပြီး ဇန်နဝါရီ ၆ ရက်၌ ပြန်လည်ထွက်ခွာရန် စီစဉ်ခဲ့ကြောင်း၊ ရုရှားနိုင်ငံသား ဖြစ်နေသည့် အမေရိကန်ကမ်းတက်တပ်သားဟောင်းမိတ်ဆွေ၏ မင်္ဂလာပွဲတက်ရန် သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စိန့်ပီတာစဘတ်မြို့သို့လည်း သွားရောက်လည်ပတ်ရန် စီစဉ်ထားကြောင်း ဒေးဗစ်ဝဲလန်က ပြောသည်။
    ဝဲလန်သည် စစ်ဘက်မှထွက်ပြီးနောက် ဥပဒေစိုးမိုးရေးဌာနများတွင် လုပ်ကိုင်ခဲ့ကာ အဖမ်းခံရသည့်အချိန်တွင် ကားပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီတစ်ခု၏ ကော်ပိုရိတ်လုံခြုံရေးဌာနအကြီးအကဲဖြစ်ကြောင်း၊ ၂၀ဝ၇ ခုနှစ်မှစ၍ စီးပွားရေးနှင့် အလည်အပတ်အတွက် ရုရှားသို့သွားရောက်လေ့ရှိကြောင်းလည်း ပြောသည်။
    အမေရိကန်နှင့်ရုရှားအကြား သူလျှိုအရေးအငြင်းပွားမှုများအနက် ရုရှားမှ သေနတ်ကိုင်တွယ်ခွင့် လှုပ်ရှားသူတစ်ဦးဖြစ်ပြီး အမေရိကန်တွင် အဖမ်းခံထားရသည့် မာရီယာဘူတီနာသည် သူလျှိုအရေးများတွင် လျှို့ဝှက်ပူးပေါင်းပါဝင်ခဲ့ကြောင်း လွန်ခဲ့သည့်လက ဝန်ခံခဲ့သည်။ ၄င်းသည် အမေရိကန်မှ ရှေးရိုးစွဲအုပ်စုများကို ထိုးဖောက်ခဲ့ကြောင်း အစိုးရရှေ့နေများက ပြောဆိုခဲ့သည်။
    ၂၀၁၃ ခုနှစ်ကလည်း ရုရှားထောက်လှမ်းရေးတစ်ဦးကို သိမ်းသွင်းခဲ့မှုဖြင့် အမေရိကန်သံတမန် ရန်ဖော့ဂ်လီသည် ဖမ်းဆီးပြီး နှင်ထုတ်ခံခဲ့ရဖူးသည်။ 
၂၀ဝ၀ ပြည့်နှစ်ကလည်း အမေရိကန်ရေတပ် ထောက်လှမ်းရေးဟောင်း အက်ဒ်မွန်ပုပ်သည် ရုရှားတွင်သူလျှိုမွေးရန် ကြိုးပမ်းမှုဖြင့် အဖမ်းခံခဲ့ရပြီး ၄င်းကို သမ္မတ ဗလာဒီမီယာပူတင်က လွတ်ငြိမ်းခွင့်ပေးခဲ့သည်။